Monday, May 19, 2008

မဟာသမ္မတမင်း “အာဒံ”

အာဒံ နှင့် ဧ၀ ကို ကမ္ဘာ့ လူသားတိုင်းကြားဘူး ကြပြီး။ အာဒံသည် ကမ္ဘာ့ ပထဦးဆုံး လူသားဖြစ်၍ ဧ၀ ကို အာဒံ၏ နံရိုးမှ ဖန်ဆင်းလျှက် အာဒံ အတွက် ဇနီးကြင်ဖေါ်ဖြစ်စေသည်- ထိုကမ္ဘာ့ ပထမဦးဆုံး ဇနီးမောင်နှံ နှစ်ဦးထည်းမှ လူသားအပေါင်း ပေါက်ပွား မျိုးပြန့်လာခြင်းဖြစ်သည် စသည်ဖြင့်- ဂျူးဘာသာ ခရစ်ယံဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့က လက်ခံယုံကြည်ထားကြသည်ဟု အစ္စလာမ်ဘာသာဝင် မဟုတ် သူများက နားလည် လက်ခံ ထားကြပေသည်၊ ထိုသို့ နားလည်ထားခြင်းမှာ မမှန်ကန်သော်လည်း အပြစ်မရှိပေ၊ အဘယ် ကြောင့်ဆိုသော် “သရက်ပင်ကို ညောင်ပင်မျိုသကဲ့သို့” အစ္စလာမ်ဘာသာတို့၏ စာပေကျမ်းဂန်များကိုယ်တိုင်က ခရစ်ယံ အယူ အဆများ၏ ၀ါးမျိုခြင်းကို အလူးအလိမ့် ခံထားရသောကြောင့် ဖြစ်၏၊
အမှန်တကယ်တွင်- ကုရ်အံ ကျမ်းတော်၌ “အာဒံ” ဟူသော အမည်ကို (၂၅) ကြိမ်တိတိ ဖေါ်ပြထားပြီး သူ့ခေတ် သူ့အခါက “လူ့သမိုင်း၊ ခေါင်းဆောင်နှင့် နောက်လိုက်များ၏ စိတ်နေသဘောထားများကို” ခေတ်ကာလတိုင်းမှ ခေါင်းဆောင်နှင့် နောက်လိုက်များက နမူနာယူနိုင်ရန်အတွက် ပမာပေး ရှင်းပြထားခြင်းဖြစ်ပေသည်၊
ထိုသို့ ရှင်းပြရာတွင် အာဒံသည် ကမ္ဘာ့ ပထမဦးဆုံးလူသား ဟုလည်းကောင်း။ ဤကမ္ဘာမြေသည်- သမ္မွာကျမ်းစာ အရ ခုနှစ်ပြန်တွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း (၆၀၀၀) ကျော်ကမှပေါ်ထွန်းလာသော အာဒံ နှင့် ဧ၀ နေထိုင်နိုင်ရန် ဖြစ်တည်လာရသည် ဟုလည်းကောင်း ကုရ်အံ ကျမ်းတော်၌ဖေါ်ပြခြင်း လုံးဝ မရှိပေ၊ ထို့အပြင် ဧ၀ ဆိုသော အမည်ကိုလည်း ကျမ်းတော်၌လုံးဝ ဖေါ်ပြထားခြင်း မရှိချေ၊
အာဒံနှင့် ပတ်သက်၍ ရည်ညွန်းသမျှတွင် “ဥယာဉ်” ဟူသောစကားကို တွဲ၍ ပြထားသောကြောင့် အာဒံသည် လူအသိုင်းအ၀ိုင်း စတင်အခြေချ နေထိုင်သည့် စိုက်ပျိုးရေးခေတ်ကို ဦးဆောင် တည်ထောင်သော စိုက်ပျိုးရေး ခေတ်၏ ဖခင်ကြီးဖြစ်ကြောင်းကို ထောက်ပြထားပေသည်၊ စိုက်ပျိုးရေး ခေတ်ကာလာ မတိုင်မှီမှ လူသားများ သည် အတည်တကျ နေထိုင်ခြင်း မရှိသေးဘဲ သစ်ဥသစ်ဖုရရာ ဒေသများသို့ ရှာဖွေသွားလာ ကျက်စားနေ သောကြောင့် တိကျသော လူ့အသိုက်အမြုံ ဟူ၍ မရှိသေးပေ၊ ထိုခေတ်ကို သမိုင်းမတင်မှီ ခေတ်ဟု ခေါ်တွင် သည်၊ (ကမ္ဘာ့လူသားများ. လူ့သမိုင်းစတင်သော စိုက်ပျိုးရေးခေတ်ကို အရှေ့အလယ်ပိုင်းမှ စတင်ပြီး။ စက်မှု ခေတ်ကို အင်္ဂလန်မှ စတင်ကာ နည်းပညာခေတ် (သို့မဟုတ်) စက်မှုလွန်ခေတ်ကို အမေရိကန်မှ စတင်သည်ဟု ပညာရှင်များက သဘောတူ လက်ခံထား ပေသည်)၊
ကျမ်းတော်တွင် ဖေါ်ပြသော “ဂျနတ်” ကို ကျွန်ုပ်တို့၏ ဆရာတော်အများစုကလည်း ခရစ်ယံသမ္မွာ ကျမ်းစာ၏ ဖွင့်ဆိုမှု နောက်သို့ လိုက်ကာ။ ကောင်းကင်ဘုံရှိ နိဗ္ဗာန်ဟု ဘာသာပြန်ကြသောကြောင့် လေ့လာသူတို့၏ နားလည် မှုများမှာ ပိုမိုလွဲချော်သွားပေသည်၊အာရ်ဗီဝေါဟာ ရ “ဂျနတ်” သည် “နိဗ္ဗာန်”ဟူသော အနက် တစ်ခုတည်းကိုသာ ပေးသည် မဟုတ်ချေ၊ ကျမ်းတော်၏ မြောက်များစွာသော နေရာများ၌“ဥယာဉ်” ဟူသော အနက်ဖြင့် သုံးထားသည်ကို မည်သူမှ မငြင်းနိုင်ပေ၊ အာဒံနှင့် ပတ်သက်၍သုံးသော “ဂျနတ်” ဟူသည်မှာ ကောင်းကင် ဘုံရှိ “နိဗ္ဗာန် မဟုတ်ချေ၊ ၄င်းကို ၂း ၃၀ တွင် “ငါသည် မြေကမ္ဘာ၌ သမ္မွတမင်းကို ခန့်အပ်တော် မူမည်” ဟု ဖေါ်ပြ ထားခြင်းက တိတိကျကျ ရည်ညွှန်းပေသည်၊ ဤ သုတ်တော်မှ “သမ္မွတမင်း”ဆိုသည်မှာ “အာဒံ” ကို ဆိုလိုပြီး သူတို့ အချေချသော “ဥယာဉ်” ကို ကောင်းကင်ဘုံတွင် မဟုတ်ကြောင်း “မြေကမ္ဘာပေါ်၌” ဆိုသော စကားက အတိအကျ ဆိုထားပေသည်၊ တနည်းအားဖြင့် ဥယာဉ်မြေဆိုသည်မှာ စိုက်ပျိုးရေးခေတ်ကို ရည်ညွှန်းပြီး။ အတည် တကျနေထိုင်မှုကို စတင်ကြောင်း ဖေါ်ပြပေသည်၊ ၎င်းကို “အချေချ၍” (၂း ၃၅) ဆိုသော စကားလုံးက ထင်ခြား စေပေသည်၊
ကျမ်းတော်တွင် အာဒံကို “ခလီဖာဟ်” သမ္မွတမင်း ဟုလည်းကောင်း (၂း ၃၀)။ “အမည်နာမ များကို သင်ကြား ခံရသူ” ဟုလည်းကောင်း(၂း ၃၁)။ “အီဗလီဆ်” မှ အပ နောက်လိုက်အပေါင်းတို့က ဦးချရသူ ဟုလည်းကောင်း (၂း ၃၄)ဖေါ်ပြထားပေရာ-
“သမ္မွတမင်း”ဆိုသည်မှာ အာဒံနှင့် ဧ၀ ဇနီးမောင်နှံ နှစ်ဦးတည်းသာ ဖွဲ့စည်းသော လူ့အဖွဲ့အစည်း၏ ခေါင်း ဆောင် ဂုဏ်ပုဒ် (အိမ်ထောင်ဦးစီး) မဟုတ်ချေ။ တိုင်းပြည်တစ်ပြည် သို့မဟုတ် လူ့အသိုင်းကြီး တစ်ခု အတွက် ခေါင်းဆောင်မှု ဂုဏ်ပုဒ် (အုပ်ချုပ်သူ။ အရိုက်အရာဆက်ခံသူ) ဖြစ်ပေသည်၊
“အမည်နာမများကို သင်ကြားခံရသူ” ဆိုသည်မှာ အရာဝတ္ထု အသစ်များကို တီတွင်ဖန်တီး နိုင်စွမ်းရှိသော ဉာဏ် ကို ရရှိသူ ဖြစ်ပေသည်။ မိမိတီထွင်သော အရာများကို မိမိကသာ အမည်ကင်ပွန်း တပ်ပေးရမည် ဖြစ် သည်။ ၄င်းကို ၂း၃၃ တွင် “သူသည် အမည်နာမများကို ထုတ်ပြန်သော်” ဟူသော စကားက တိကျ ခိုင်လုံ စေ ပေသည်၊ တနည်းအားဖြင့် “အရာဝတ္ထု တစ်ခုတိုင်းအား တီထွင်နိုင်သူတိုင်းသည် ထိုအရာ၏ အာဒံ ဖြစ်သည်” သူသည် သူတီထွင်သော အရာကို အမည်ပေးသူ ဖြစ်ပေသည်၊ ထို့ကြောင့် လူသားများကို အာဒံ၏ သားသမီး များဟု သုံးစွဲခေါ်ဆိုခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားတိုင်းသည် အရာဝတ္ထုများကို တီထွင် နိုင်သော အခွင့် အရေးရှိသည့် ဉာဏ်စဉ်ကို ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်ပေသည်။ (မိမိတီထွင်သော အရာအား မိမိသာ မူပိုင်ဖြစ် သည်- ထိန်းသိမ်းအုပ်ချုပ်သူဖြစ်သည်)။
အဆိုးဝါးဆုံး လွဲမှားချက်မှာ “မလာအေကာဟ်တို့အား အာဒံကို ဦးချကြလော့ဟုဆိုသော် ဦးချကြကုန်၏။ သို့ သော် အိဗလီဆ်။ သူသည် ငြင်းပါယ်၍ မောက်မာ၏၊” (၂း ၃၄) ဟူသော သုတ်တော်မှ “မလာအေကာဟ်” နှင့် “အိဗလီဆ်” ကို နတ်ကောင်း နတ်ဆိုးများ ဟု အဓိပ္ပါယ် သက်ရောက်စေ သည့် ကောင်းကင်တမန်တော်၊ မရ်နတ် စသော စကားလုံးများဖြင့် ဘာသာပြန်ဆို လိုက်ခြင်းပင် ဖြစ်၏။ ထိုသို့ ဘာသာပြန်ဆို လိုက်ခြင်းကြောင့် အာဒံ၏ ခေတ်တွင် အခြား လူသားများ မရှိသလို ဖြစ်သွားရ ပေတော့သည်၊ အမှန်မှာ ကျမ်းတော် အရ ၄င်းတို့ သည် လူသားစင်စစ်များသာ ဖြစ်ပေသည်၊ (နိမိတ်ဆောင်များ။ ရှေ့ရိုးစွဲများ ကို ဖတ်ရှုပါ)၊
အာဒံနှင့် ပါတ်သက်၍အခြားသော လွဲမှားမှုတစ်ခုမှာ သူသည် ဘုရားရှင် တားမြစ်ထားသော အပင်မှ အသီးကို စားလိုက်သည်။ ထိုအခါ အသီးနင်၍လည်ပင်း၌ ဂျို့ ထွက်နေရသည၊် သူဇနီး ဧ၀ ကမူ အသီးကို မစားသော ကြောင့် ဂျို့ ထွက်ခြင်းမရှိဟု ဋီကာချဲ့ခြင်းပင်၊ ကုရ်အံ ကျမ်းတော်တွင် ထိုအချင်းအရာများကို လုံးဝ မဖေါ်ပြပေ။
ကျမ်းတော်က “ဤ အပင်နားသို့ မချည်းကပ်လင့်” ဟုသာ ဆိုထားပြီး ဤအပင် ဆိုသည်ကို မည်သည့်အပင်ဟု (အမည်ကို) ဆိုထားခြင်း မရှိပေ။ သို့သော် ထိုအပင်သည် မကောင်းမှုကို လှုံဆော်သော အပင်ဖြစ်သည်ဟု ဆိုပေသည်၊ ထို့ကြောင့်ဤွှအပင်ဆိုသည်မှာ အပင်ကဲ့သို့ အမြစ်တွယ်တတ်သော မကောင်းမှု။ အစွဲ။ ဒုစရိုက်။ မိရိုးဖလာဓလေ့ကို ၀င်္က၀ုတ္တိ အလင်္ကာဖြင့် ဖေါ်ပြခြင်း ဖြစ်ကြောင်း နားလည်နိုင်ပေသည်၊ ပိဋကတော်တွင် မုလေးစပါးပင်ဟု ဆိုပေသည် (အဂ္ဂညသုတ်) မြေမှ ပေါက်သော မုလေးစပါးပင်ကို မှီဝဲမိသောကြောင့် ကမ္ဘာဦး လူသားတို့ အဆင့်လျော့ကျခဲ့ရပုံ။ မဟာသမ္မွတမင်း တင်မြှောက် ပုံများကို ဤသုတ်တော်တွင် ကျယ်ကျယ် ပြန့်ပြန့် ဖေါ်ပြထားပေသည်၊
အာဒံသည် လက်ပါးစေတို့၏ မကောင်းသော အကြံပေးမှုများကို လက်ခံကာ မတရားမှု၌ နစ်မွန်းမိသောကြောင့် ဦးစီးဦးဆောင် နေရာမှ ယိမ်းယိုင်ရခြင်း၊ အေးချမ်းတည်ငြိမ်သော လူ့အသိုင်းအ၀ိုင်းမှာ ကွဲထွက်ကုန်ခြင်း၊ အချင်းချင်း စစ်မက်များ ဖြစ်ပွားရခြင်း၊ အချိန်အပိုင်းအခြား တစ်ခုအထိ ပြန်လည် စုစည်းနိုင်မှု မရှိဘဲ၊ လူမျိုးစု ကိုယ်စီတို့ သီးခြားစီ နေထိုင်ခဲ့ရခြင်းကို (၂း ၃၆) ထောက်ပြထားခြင်း ဖြစ်ပေသည်။
၂း ၃၆ တွင် ဖေါ်ပြသော “ထွက်သွားကြလော့” ဆိုသည်မှာ မြင့်မြတ်သော နေရာမှ နိမ့်ကျသောနေရာသို့ လျောကျခြင်း (ရာထူးကျခြင်း) ကို ဆိုပေသည်၊ ဤစကားကို ဆရာတော်ကြီးများက အာဒံသည် အထက် ကောင်းကင် မြင့်မြတ်သော နိဗ္ဗာန်ဘုံမှ နိမ့်ကျသော မြေကမ္ဘာသို့ ဆင်းလာရသည် ဟု ဋီကာချဲ့ ကြပေသည်၊ အကယ်၍ “နိဗ္ဗာန်ဘုံ”သာဖြစ်ခဲ့လျှင်။ ထိုဘုံနန်း၌ အဘယ် မကောင်းဆိုးဝါး ရှိချေ မည်နည်း။ နိဗ္ဗာန်၌ စံမြန်း နေသော သူတို့အား အဘယ် မကောင်းဆိုးဝါးက ဖျားယောင်း နိုင်အံ့နည်း၊ ဆိုသည်ကို ထည့်စဉ်းစားမိဟန် မရှိချေ၊


ဌေးလွင်ဦး

2 comments:

Henry Cheng (郑 国 锋) said...

မိတ်ဆွေ ခင်ဗျား
ဂျူးဝါဒ နောက် ခရစ်ယာန် အဲဒီနောက်မှာ မူဆလင်ဘာသာ ပေါ်ပေါက်လာကြောင်းသိရပါတယ်။
အလ္လာဟို အရှင် သည် ဂျူးတို့၏ ဘုရား၊ ခရစ်ယာန်တို့၏ ဘုရားသခင် နှင့် အတူတူဟု ကြားဘူးပါသည်။ ဂျူးတို့၏ ကျမ်းစာမှာ ခရစ်ယာန်တို့ ဓမ္မဟောင်းနှင့် တူပါသည်။ မောရှည် နှင့် ယေရှု တို့ ကိုလည်း မူဆလင်ဘာသာ မှာ တမန်တော် အဖြစ် လက်ခံထားသည်ဟု ဖတ်ဘူးပါသည်။
အခု မိတ်ဆွေ post ထဲ့မှာ ဖော်ပြချက်အရ ကွဲလွဲနေပါသည်။ အခြားသူတွေက မှားတာလား မိတ်ဆွေ နားလည်မှုလွဲတာလား ဖြေစေလိုပါသည်။

hssn56 said...

ထင်တာတွေရေးနေတာလား ဂျန္နသ် သုခဘုံ တခုတည်နှင့် သင် မွစ်လင်ဖြစ်ပါ့မလားဟုသံသ၇ဝင်မိသည်