Monday, May 19, 2008

အမျိုးလေးပါး သတ္တ၀ါများ

ပိဋကတော်လာ အမျိုးလေးပါး
မြန်မာစာပေ၌ မွေ့လျှော်သူတိုင်းက “အမျိုးလေးပါး သတ္တာဝါများ” ဆိုသည့်ကို ရင်းရင်းနှီးနှီး ကြားဖူးကြ၏။ သို့ သော် ကြားဘူးနားဝ အားနည်းသူများအတွက် အမျိုးလေးပါး ဆိုသည်ကို တင်ပြရန် အနည်းငယ် လိုမည် ဖြစ် သည်။ အမျိုးလေးပါး ၏ နောက်ဆက်တွဲ “သတ္တ၀ါများ” ဆိုသည့် စကားကြောင့် အမျိုးလေးပါးဆိုသည်မှာ “လူ သား” တစ်မျိုးတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဟု နားလည်မှု လွဲချော် နိုင်ပေသည်။ ထိုအမျိုးလေးပါး ဆိုသော စကားသည် လူသား တစ်မျိုးတည်းကိုသာ ဆိုလိုပြီး မျိုးနွယ်အစု ကွဲပြားခြင်းကိုသာ ဆိုလိုပေသည်။ ၎င်းကို ပိဋကတော်ရှိ ပါထိက၀ဂ် ပါဠိတော် အဂ္ဂညသုတ်တွင် အတိအကျပြောထားပြီး ထိုအမျိုးလေးပါး ဆိုသည်မှာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ အသည်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ ဖြစ်ပေသည်။
အဆိုပါ သုတ်တော်တွင် နေ၊ လ၊ ကမ္ဘာဖြစ်ပေါ်လာခြင်း။ ယောက်ျား မိန်းမ ဖြစ်ပေါ်လာခြင်း နွယ်ချို၊ မုလေး စပါးပင် ဖြစ်ပေါ်လာခြင်းနှင့် မဟာသမ္မတမင်း တင်မြှောက်ခြင်း၊ ထို့နောက် အမျိုးလေးပါးအဖြစ် ခွဲခြား သတ် မှတ် ခံရခြင်းများကို စုံစုံလင်လင် ရှင်းလင်း တင်ပြထားပေသည်။
ထိုသို့ အမျိုးလေးပါးဟု ခွဲခြား သတ်မှတ်ခြင်းသည် “လူ” ဟူသော ဂုဏ်သတ္တိ ပျက်ပျယ်သွားခြင်းကြောင့် မဟုတ် ဘဲ ၀ါသနာ၊ ဓလေ့၊ ကျင့်ဆောင်အားထုတ်မှုနှင့် အတွေးအခေါ် မတူညီခြင်းကြောင့်သာ ဖြစ်ပေသည်။ အသား ရောင် အမျိုးဇာတ် ကို မဆိုလိုပေ သေချာစွာ လေ့လာလျှင် ထိုအမျိုးလေးပါးမှ ရာဇ မင်းမျိုးသည် အုပ်ချုပ်သူ လူတန်းစား သို့မဟုတ် ခေါင်းဆောင် ဖြစ်လိုသူ လူတန်းစား နှင့် ဗြဟ္မဏ ပုဏ္ဏား ဆိုသည်မှာ စာတတ်ပေတတ် လူတန်းစား သို့မဟုတ် တတ်သိပညာ ရှင် လူတန်းစား ဖြစ်၍။ အသည်မျိုးဆိုသည်မှာ ကုန်ကူးသန်းရောင်းဝယ် စားသောက်သော လူတန်းစားနှင့် သူဆင်းရဲမျိုးဆိုသည်မှာ သာမန် လက်လုပ်လက်စား လူတန်းစားများကို သတ် မှတ်ကြောင်း ထင်ရှားပေသည်။
ဤသုတ်တော်တွင် ဖေါ်ပြသော မဟာသမ္မတမင်းသည် ကမ္ဘာ့ ပထမဦးဆုံး လူသား မဟုတ်ပေ။ “လူ” ဟူသော မျိုးနွယ်ပေါ်ပေါက်ပြီးမှ စိုက်ပျိုးစားသောက်သော ခေတ်ကာလ ပေါ်ထွန်းလာသည်၊ ထို့နောက်တွင်မှ လူ့အသင်း အဖွဲ့ ပေါ်ပေါက်လာသည်။ ထိုလူ့အသင်းအဖွဲ့ကို အုပ်ချုပ်မင်းလုပ်ရန် သမ္မတမင်း ရွေးကောက် တင်မြှောက် သည်၊ စသည်ဖြင့် အဆင့်ဆင့် နားလည်နိုင်ပေသည်။
ကုရ်အံကျမ်းလာ အမျိုးလေးပါး
ကုရ်အံကျမ်းတော်တွင် အမျိုးလေးပါးကို အာဒံ၊ မလာအိကာဟ်၊ အီဗလီဆ်၊ နှင့် ဂျင် ဟူ၍ ဖေါ်ပြပေသည်၊ (၁၈း ၅၀) သို့သော် ဤနေရာ၌ ရှင်းပြရန် ရှိသည်မှာ ထိုအုပ်စု လေးစုတွင် အာဒံ ကိုသာ လူသား သို့မဟုတ် လူသား မျိုးနွယ်ဟု အသိအမှတ်ပြုလျှက် ကျန် အမည် သုံးခု သို့မဟုတ် အုပ်စု သုံးစုကို နတ်လိုလို ဖုတ်တစ္ဆေ မကောင်း ဆိုးဝါး လိုလို လက်ခံထားကြသည်မှာ ယခု ခေတ်ကာလ ထိတိုင် ဖြစ်ပေသည်။ ထိုသို့ လက်ခံခြင်းမှာ ကျမ်းမြတ် ကုရ်အံအား စော်ကားယုံမျှမက အဘိုးမဖြတ်နိုင်သော မိမိတို့၏ အသိဉာဏ်အား အမနာပ ပြုလုပ် သလို ဖြစ်နေ ပေသည်။
အာဒံ
အာဒံသည် မဟာသမ္မတမင်းဖြစ်သည် (၂း ၃၀)။ သူသည် မလာအိကာဟ်များထက် သာလွန်သော အဌာရသ ပညာရပ်များကို သွန်သင်ခံရသည် (၂း ၃၁)။ သူ့အား ဖေါ်ပြသမျှသော သုတ်တော်တိုင်းတွင် (ဂျနတ်) ဥယဉ် အကြောင်းကို ဖေါ်ပြထားသောကြောင့် သူသည် လူ့သမိုင်းကို စတင်မှတ်တမ်းတင်နိုင်သည့် စိုက်ပျိုးရေးခေတ် ကို ဦးဆောင်ခဲ့ကြောင်း ထင်ရှားသည်။ သူ၏ အဆက်နွယ်သည် မင်းလုပ် အုပ်ချုပ်ရသောကြောင့် မင်းမျိုး ဖြစ်ပေသည်။ (အကျယ်ကို ကျမ်းမြတ်ကုရ်အံက ပြောသော အာဒံ-၌ ကြည့်ပါ)
မလာအိကာဟ်
မလာအိကာဟ် သည် အတွေ့အကြုံ မရှိသော အရာများကို ကြိုတင်သိနိုင်သောသူများ မဟုတ်ချေ၊ တနည်း အားဖြင့် အတွေ့အကြုံ ရှိပြီးသား အရာများအပေါ်၌သာ တွက်ဆ အဖြေထုတ်နိုင်ကြသည်၊ (၂း ၃၃)။ ထိုအကြေင်းကို- သာမန်လူသားများထံသို့ နိမိတ်များကို ဆောင်ကြည်းပေး နိုင်သည် (၄၁း ၃၀) ဟူသည်က ထင်ခြား စေပေသည်။ သူတို့သည် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) များကို သစ္စာခံယူ လိုက်နာကြသည် (၄း ၁၆၆)။ ထို့ ကြောင့် သူတို့သည် မောက်မာမှုမရှိသော သဘောရိုး ပညာတတ်လူတန်းစားများ ဖြစ်ပေသည်။
သူတို့သည် လူသားတို့ မမြင်စွမ်းနိုင်သော ဓါတ်ဘူတ နတ်ဒေ၀တာများ မဟုတ်ချေ။ လူသားစင်စစ်များသာ ဖြစ်ပေသည်။ ထိုကြောင့် သူတို့အနက်မှလည်း လူသားတို့အား သွန်သင်ရန် အလို့ငှာ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)များ ပွင့်ပေါ်ကြပေသည် (၂၂း ၇၆)။ သူတို့သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသောကြောင့် သာမန်လူသားများ ထက် ပိုမိုစွမ်းဆောင်နိုင်သည်၊ ပိုမိုသိမြင်နိုင်ပေသည်။ သူတို့၏ စွမ်းဆောင်နိုင်မှု လက်ရုံးရည်မှာ တစ်ဦးနှင့် တစ်ဦး တစ်ပြေးညီ မဟုတ်ပေ (၃၅း ၁)။ ကျမ်းတော်တွင် သူတို့သည် ကိုယ်တော်မုဟမ္မဒ်အား သစ္စာခံလိုက်နာ သော ထက်မျက်သည့် သူရဲကောင်းကြီးများအဖြစ် ဖေါ်ပြထားပေသည်။ ရန်သူတို့အား တော်လှန်ရာတွင် ကိုယ်တော်ဘက်မှ စစ်ဝင်တိုက်သောကြောင့် ကိုယ်တော်နောက်လိုက်များမှာ အားကိုးအားထားရ၍ ရဲမာန်သတ္တိ ကြွနိုင်ပြီး ရန်သူများမှာ စိတ်ပျက် အားလျှော့ရကြောင်း အခိုင်အမာ ဖေါ်ပြထားသည် (၈း ၁၂)။ ကိုယ်တော် မူဆာ ပရိနိဗ္ဗာန်ပြုပြီးနောက် အစ္စရေးလူမျိုးတို့အား ဘုန်းလက်ရုံးဖြင့် ဦးဆောင်ခဲ့သည့် လူသားများကိုလည်း “မလာအိ” ဟုခေါ်ပေသည်၊ (၂း ၂၄၆)။
မလာအိကာဟ်သည် မြေမှ ဖြစ်တည်စေသော အာဒံမျိုးနွယ်ဟုလည်းကောင်း မီးမှဖြစ်တည်စေသော ဂျင်နှင့် အိဗလိဆ် မျိုးနွယ်မှလည်းကောင်း ဖြစ်သည်ဟု ကျမ်းတော်က မဖေါ်ပြပေ၊ ဆိုလိုသည်မှာ မြေကို အုပ်ချုပ်ခွင့် ရသော မင်းမျိုးမှလည်းကောင်း မီးဖြင့် ချက်ပြုတ်စားသောက်သော ဓလေ့ရှိသည့် မျိုးနွယ်မှ လည်းကောင်း ဖြစ်သည် မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ ပိဋကတော်တွင်လည်း ပညာတတ်ပုဏ္ဏားမျိုးနွယ်ကို “မီးခဲ မီးခိုးမှ ကင်း ကုန်သည် ဖြစ်၍ ကျည်ပွေ့ကို ချထားကုန်သည်ဖြစ်၍” ဟု ဆိုထားပေသည် (ပါထိက၀ဂ် ပါဠိတော် အဂ္ဂညသုတ်) ဆိုလိုသည်မှာ စားဝတ်နေရေး အတွက် အာသီသ တစ်ခုတည်းကိုသာထားပြီး ကာယ အင်အားဖြင့် လုပ်ကိုင် စားသောက်သော သာမန်လူမျိုး မဟုတ် အတတ်ပညာ အသိပညာ အတွက် ၀ါသနာကို တစိုက်မတ်မတ်ထားပြီး အသက်အတွက် ရရာကို စားသောက် ရောင့်ရဲနိုင်သော လူမျိုးဟု ဖြစ်ပေသည်။
အိဗလိဆ်
အိဗလိဆ်သည် သမ္မတမင်း၏ သြဇာအာဏကို အသိအမှတ်မပြုသော ပုန်ကန်ထကြွသည့် လူမျိုးဖြစ်သည် (၂း ၃၄၊ ၁၈း ၅၀)။ သူတို့သည် မီးဖြင့် ဖြစ်တည်စေသော ဂျင်မျိုးနွယ်မှ ဖြစ်သည် (၁၈း ၅၀)။ တနည်းအားဖြင့် အသက်မွေးဝမ်းကြောင်းကို မိရိုးဖလာအတိုင်း ကိုယ်ကာယဖြင့် လုပ်ကိုင်ရှာဖွေ၍ မီးဖြင့် ချက်ပြုတ် စားသောက် သော လူမျိုးဖြစ်သည်။ သူတို့သည် မောက်မာသော စိတ်ရှိ၍ ဉာဏ်စဉ်တော်ဆောင်များနှင့် ပညာတတ် လူတန်း စားကို အသိအမှတ်ပြုရန် တွန့်ဆုတ်တတ်ကြသည်။ ထို့ကြောင့် သူတို့ကို ကုရ်အံကျမ်းတော်က ရန်သူ (ကာဖရ်)တို့ အနက်မှ ဖြစ်သည်ဟုလည်းကောင်း (၂း ၃၄)၊ ဂျင်တို့အနက်မှ ဖြစ်သည်ဟုလည်းကောင်း (၁၈း ၅၀) ဆိုပေသည်။
ကျမ်းတော်က အိဗလိဆ် သည် မျက်စိဖြင့် မမြင်နိုင်သော “ဓါတ်ဘူတ” ဖြစ်သည် ဆိုခြင်းကို ယတိပြတ် ပယ်ချ ထားပေသည်။ အိဗလိဆ် သည် လူသားဟုဆိုသော ဖုံးကွယ်သူ “ကာဖရ်” တို့ အနက်မှ ဖြစ်သည် ဆိုခြင်းပင်။
ထိုထက်ပို၍ ခိုင်လုံသော စကားမှာ အိဗလိဆ် သည် အိမ်ထောင်ယူ သားမွေးချင်းပြုသူဟု “သူ၏ သားစဉ် မြေး ဆက်” ဆိုသည့် စကား (၁၈း ၅၀) က ထောက်ပြနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အိဗလိဆ်၊ အိဗလိဆ်နှင့် အုပ်စုတူ ဂျင် တို့သည် လူစကားကို ပြောသော၊ အိမ်ထောင်ယူ သားမွေးကြသည့် လူသားများသာ ဖြစ်ပေသည်။ ဓါတ်ဘူတကို ကိုယ်စားပြုသည့် တစ္ဆေ၊ သရဲ ဖုတ်ကောင်၊ မင်စာများ မဟုတ်ကြချေ။
ဂျင်
ဂျင်များသည် မီးဖြင့် ဖြစ်တည်စေသော လူမျိုးဖြစ်သည်။ ရှေ့  ဒဏ္ဍာရီ ယုံကြည်မှုများအရ ဂျင်များကို တစ္ဆေ၊ သရဲ မကောင်းဆိုးဝါးများဟု သတ်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဂျူးလူမျိုးများမှ လူမျိုးစု တစ်စု အဖြစ် ဖွင့်ဆိုရှင်းလင်းချက်များစွာ ရှိလာခဲ့ပေသည်။ မီးဖြင့် ဖြစ်တည်စေသည် ဆိုခြင်းကို ပညာရှင်များက “စစ်သွေး ကြွ” များဟု ဖွင့်ဆိုကြပေသည်။ ပိဋကတော်စကားဖြင့် ဖွင့်ဆိုလျှင် မီးဖြင့် ချက်ပြုတ်စားသောက်သော လူမျိုး ဟု ဖြစ်ပေသည်။ တနည်းအားဖြင့် လူသားအကျိုးပြု ပညာနောက်ကို မလိုက်ဘဲ လောဘရမက် ငွေကြေးနောက်သို့ တစိုက်မတ်မတ် လိုက်သော လူမျိုးဖြစ်ပေသည်။ သူတို့၏ ဥစ္စာအင်အားဖြင့် သာမန်လူသားများကို လည့်စား လွှမ်းမိုး နိုင်ပေသည် (၆း ၁၂၉)။
သူတို့သည် ဓါတ်ဘူတဖြစ်သည့် တစ္ဆေ၊ သရဲ မကောင်းဆိုးဝါးများဟု သတ်မှတ်ခြင်းမှာ မှားယွင်းပေသည်။ ကျမ်းတော်၌ သူတို့အနက်မှ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)များ ပွင့်ပေါ်ကြောင်း (၆း ၁၃၁)။ သူတို့အနက် အချို့သည် ကိုယ်တော် မုဟမ္မဒ်ထံတွင် သစ္စာခံယူသော သူများဖြစ်ကြောင်း (၄၆း ၂၉-၃၁) တွင် ဖေါ်ပြထားပြီး၊ ၁၈း ၅၀ တွင် ဂျင်များအနက်မှ ဖြစ်သော အိဗလိဆ် တို့သည် အိမ်ထောင်ယူ သားမွေးချင်း အလုပ်ကို ပြုသည့် လူမျိုးနွယ် ဖြစ်ကြောင်း တိကျစွာပြောထားပေသည်။
(လူတစ်ဦးချင်းစီတွင် ထိုအမျိုးလေးပါးအနက်မှ မိမိကြိုက်နှက်သက်ရာ အမျိုး၌ဖြစ်ရန် မိမိကိုယ်မိမိ ပြဌာန်း သတ်မှတ် ဖြစ်တည်ပိုင်ခွင့်ရှိပေသည်)

ဌေးလွင်ဦး

No comments: