Saturday, May 24, 2008

ရှေးရိုးစွဲများ (အိဗလိဆ်)

ရှေးရိုးစွဲများဆိုသည်မှာ သီးခြားမျိုးနွယ် တစ်ခု မဟုတ်ပေ၊ လူတစ်ဦးချင်း၏ ခံယူချက်၊ အကျင့်သီလ၊ ဓလေ့ စရိုက်၊ လိုက်နာကျင့်ဆောင်မှု၊ အားထုတ်ကြိုးပမ်းမှုနှင့် အထုံဝါသနာပေါ်တွင် ရင်းမြစ်ခံ၍ လူတန်းစား နှင့် လူသားတို့၏ အုပ်စုခေါင်းစဉ်များ ကွဲပြားရခြင်း ဖြစ်ပေသည်။
ကျမ်းမြတ်ကုရ်အံက ထိုရေးရိုးစွဲများကို “အိဗလိဆ်” ဟု ခေါ်သည်။ ဤနေရာ၌ မိရိုးဖလာ စာပေအားနည်း သူများအတွက် ရှင်းပြရန် အနည်းငယ်ရှိသည်မှာ၊ ၎င်းတို့အနေဖြင့် “အိဗလိဆ်”ကို “မလာအိကာဟ်” များ“ဂျင်” များနှင့် လိုက်လျှောညီထွေဖြစ်စေရန် ဓါတ်ဘူတကို ကိုယ်စားပြုသည့် “မာရ်နတ်” ဟု လက်ခံယုံကြည် ထားကြပေသည်။
အာရ်ဗီစကား“အိဗလိဆ်” ဆိုသည်မှာ ခြိမ်းခြောက်သည် ဟု အနက်ကိုပေးသော
ပါဠိဝေါဟာရ “တစ္ဆေတ” ၏ အဓိပ္ပါယ်ကို မပေးပေ။ ထို့ကြောင့် “အိဗလိဆ်” ကို တစ္ဆေ၊ သရဲ အသွင် ခံစားနည်းလည်သည့် မကောင်း ဆိုး ၀ါး မာရ်နတ်ဟု သဘောပေါက် လက်ခံခြင်းမှာ မှားယွင်းပေသည်။
“အိဗလိဆ်”သည် ရင်းမြစ်စကားလုံး “ဗလဆ” မှဆင့်ပွားခြင်း ဖြစ်၍ အဓိပ္ပါယ်မှာ “သူသည် တွေဝေခဲ့သည်။ သူသည် နောက်ပြန်ဆုတ်ခဲ့သည်။”ဟု ဖြစ်ပေသည်။ တဖန် ကျမ်းမြတ်ကုရ်အံအရ ကြည့်ပြန်လျှင် “မာန် မာန တစ်ခွဲသားကြီးနှင့် သူတပါး၏ တတ်မြောက်သော ပညာရပ်များကို အသိအမှတ် မပြုသောသူ ဖြစ်ပေသည်။” တနည်းအားဖြင့် မိမိကိုယ်မိမိ အထင်ကြီးနေပြီး သူတစ်ပါးအား အသိအမှတ်မပြုသူ။ မိမိ၏ မိရိုးဖလာဓလေ့ကိုသာ အဟုတ်ကြီးမှတ်လျှက် သူတစ်ပါး၏ တိုးတက်မှုကို မနာလိုဖြစ်သူ မလိုက်နာသူ ယုတ္တိမဲ့စွာ အယူသည်းလွန်းသူများ ဖြစ်ပေသည်။ သူတို့သည် လူသားစင်စစ်များသာလျှင် ဖြစ်ကြပေသည်။ ဤနေရာ၌ ကျမ်းတော်က သုံးနှုံးပြောဆိုသော “ရှိုင်တွန်” နှင့် “အိဗလိဆ်” ကို ရောစပ်သွားနိုင်ပေသည်။ “ရှိုင်တွန်” ဆိုသည်မှာ သူတစ်ပါးအား လှည့်စားဖြားယောင်းသောသူ ဖြစ်၍။ “အိဗလိဆ်” မိမိကိုယ်မိမိသာ လှည့်စားသောသူ ဖြစ်ပေသည်။(အမျိုးလေးပါး သတ္တ၀ါများ ကိုဖတ်ရှုပါ)

ဌေးလွင်ဦး

No comments: