လောကလူသားတို့အား ဦးဆောင်လမ်းညွှန်ရန်အလို့ငှာ လူသားထဲမှ ပွင့်ပေါ်သော ပုဂ္ဂိုလ်မြတ်များအနက် အ ဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်မြတ်များကို အစ္စလာမ်ဘာသာက (ရစူလ်) ဉာဏ်စဉ်တော်ဆောင်များဟု ခေါ်ပေသည်။ ထိုကိုယ်တော်များသည် ပရမတ်ဘုရားရှင်မှ ချီးမြှင့်သော ကုန်စင်သိဉာဏ် “သဗ္ဗညုတဉာဏ်” ကို ရရှိသူများ ဖြစ်၍ စကြာဝဠာအပေါင်း၏ သော့ချက် သဘာဝဓမ္မ သို့မဟုတ် ပရမတ်ဓမ္မ ကို လူသားတို့အနက်မှ အသိဆုံး သော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
ထိုကိုယ်တော်မြတ်များသည် သူတို့ ရရှိသော ဉာဏ်စဉ်တော်အား ဆင့်ပြန်ခြင်းဖြင့် လူသားတို့အား ဒုက္ခ၀ဋ်ကြွေး အပေါင်းမှ ကျွတ်လွတ်မှု တရားဓမ္မများကို သွန်သင်ပေးပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များအား ထေရ၀ါဒ ဗုဒ္ဓ ဘာသာတွင် ဥပဇာဘုရား သို့မဟုတ် ပညတ်ဘုရား ဟု ခေါ်ဆိုသည်ကို တွေ့ရပေသည်- ဥပမာအားဖြင့် “မနိ မဉ္ဖူ ဋ္ဋီကာကျမ်း၌—သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်ကို ပတိလာဘ ရခြင်းကြောင့် တဿ ထိုခန္ဓာ ငါးပါးအစဉ်ကို ဗုဒ္ဓေါတိ ဘုရားဟူ၍ ပညတ္တတ္တာ ပညတ်သည်၏ အကြောင်းကြောင့်တည်း” ဟု ဆိုထားပေသည်။ အစ္စလာမ်ဘာသာတွင် ကိုးကွယ်ဆည်းကပ်မှု ရောပြွန်းမှု မရှိစေရန် အဓိကတားဖြစ်ထား သဖြင့် ”ဘုရား” ဆို သော အသုံးအနှုံးများကို လူသားတို့နှင့် ပတ်သက်၍ ရှောင်ကြဉ်သောကြောင့် ပညတ်ဘုရား၊ ဥပဇာဘုရား များဟု မခေါ်ဆိုသော်လည်း အနှက်သာရမှာ အတူတူပင် ဖြစ်ပေသည်။
အာရ်ဗီဘာသာစကားအားဖြင့် ရစူလ် ဟူသည့် ဝေါဟာရကို မြန်မာပြန် ဆရာတော်ကြီးများက တမန်တော် ဟု စကားလုံး ဖလှယ် ကြပေသည်။ ထိုသို့စကားလုံး ဖလှယ်ခြင်းမှာ မှားယွင်းမှု မရှိသော်လည်း မြန်မာ ဘာသာရေး ဝေါဟာရ အားဖြင့် အလွန့်အလွန် ကွဟနေသည့် အပြင် မြန်မာစာဖတ်သူများအတွက် စကားလုံး၏ လေးနက်မှု တန်ဘိုးမှာလည်း အားပျော့လှပေသည်။
ထိုသို့ တမန်တော်ဟု ဘာသာပြန်ခြင်းမှာ ခရစ်ယံသမ္မာကျမ်းစာပါ စကားလုံးများကို မှီငြမ်းလျှက် သမ္မာကျမ်း တွင် ကိုယ်တော် ယေရှုလောက် အဆင့်မမြင့်ဟု ခံစားသော ဘုရားရှင်၏ ကိုယ်စားလှယ်များအား “ပရောဖက်” ဟု သုံးနှံးသည်ကို ပြန်ဆိုခြင်း ဖြစ်ပေသည်။ သို့ သော် အစ္စလာမ်သာသနာပညာရှင် ဘာသာပြန် ဆရာတော် များက နောက်ပိုင်းတွင် ထိုပရောဖက် ဟု အသုံးကို ရှောင်ကြဉ်လာကြလျှက် “မက်ဆင်ဂျား” ဟု ပြန်ဆိုကြပေ သည်။
ရစူလ် ၏ အဓိပ္ပါယ်မှာ ပရမတ်ဘုရားရှင်၏ ထံမှ ဉာဏ်စဉ်တော်ကို ဆောင်ယူလာသူ ဖြစ်ပေသည်။ ထို့အပြင် အစ္စလာမ်ဘာသာဝင်များ က ရစူလ်တစ်ပါးနှင့် တစ်ပါးအကြား အနိမ့်အမြင့် ခွဲခြားမှု မရှိချေ။ ရစူလ် နှင့် ပရော ဖက် ပို၍ ခြားနားသည်မှာ ရစူလ်သည် ပရမတ် ဘုရားရှင်ထံမှ ဉာဏ်စဉ်တော်ကို ပရောဖက်ကဲ့သို့ ဗြာဒိတ် (အသံ) အားဖြင့် လက်ခံရယူခြင်း မဟုတ်ပေ။ ရစူလ်၏ နှလုံးသား၌ ဉာဏ်စဉ်တော် ကိန်းဝပ် ခြင်းနည်းဖြင့်သာ ဉာဏ်စဉ်ရရှိခြင်း ဖြစ်ပေသည် (၂း ၉၇)။ ထို့အပြင် ပရောဖက်ကဲ့သို့ အနာဂါတ်ကို ဟောပြောသူ မဟုတ်ချေ။ ဉာဏ်စဉ်တော်အား ဆင့်ပြန်သူသာ ဖြစ်ပေသည်။ ထို့ကြောင့် “ရစူလ်” ကိုကျွန်ုပ်အနေဖြင့် ဉာဏ်စဉ်တော် ဆောင် ဟူ၍ ပြန်ဆိုခြင်း ဖြစ်ပေသည်။ အစ္စလာမ်ဘာသာ၏ သွန်သင်မှုအရ ဉာဏ်စဉ်တော်ဆောင် (ရစူလ်) ဆိုသည်မှာ လူ့မျိုးတိုင်းအတွက် ပွင့်ပေါ်ခဲ့ပေသည်။ ထို့ကြောင့် မောရှေ၊ ဂေါတမ၊ ယေရှု၊ မိုဟမ္မဒ် ကိုယ်တော် မြတ်များကို ဉာဏ်စဉ်တော်ဆောင်များ အဖြစ် အသိအမှတ် ပြုရပေသည်။ ထိုကိုယ်တော်များအကြား တစ်ပါး နှင့် တစ်ပါးကို ခွဲခြားမှု မပြုရပေ။
ဉာဏ်စဉ်တော်ဆောင်များ ဆင့်ပြန်သော ဉာဏ်စဉ်ဆင့်ပြန်မှုများတွင် လူသားအပေါင်း လိုက်နာကျင့်ဆောင်ရန် နည်းနာ ဥပဒေ ၀ိနည်း ပညတ်များ ပါရှိပေသည်။ ကုရ်အံကျမ်းတော်၏ သွန်သင်မှုအရ ဉာဏ်စဉ်တော်ဆောင် များသည် တစ်ပြိုင်နက်ထဲတွင် သတင်းတော် ဆောင်များ ဘွဲ့ကိုပါ ရရှိကြပေသည်။
ဌေးလွင်ဦး
No comments:
Post a Comment