Monday, May 19, 2008

နိမိတ်ဆောင်များ (မလာအိကာဟ်)

နိမိတ်ဆောင်များသည် ခေတ်ကာလတိုင်း နေရာဌာနတိုင်း ပညာရပ်နယ်ပါယ်တိုင်းနှင့် လူ့အသိုင်း အ၀ိုင်းတိုင်း တွင် ပေါ်ထွန်းကြပေသည်။ ၎င်းတို့သည် သာမန်လူသားများထက် ပညာပါရမီဖွံ့ဖြိုးကြပြီး သာမန်လူသားများအတွက် ဖြစ်ပေါ်လာတတ်သည့် သဘာဝ အန္တရာယ်များကို ကြိုတင်တွက်ဆ နိမိတ်ဖတ်နိုင်ကြပေသည်။ ဥပမာအားဖြင့် မိုးလေ၀ဿ ပညာရပ်တွင်မုန်တိုင်းရေးရာ ကျွမ်းကျင်သူများ၊ မြေငလျှင်ရေးရာ ကျွမ်းကျင်သူများနှင့် သာမန် ထက် ထူခြားသော သဘာဝအန္တရာယ်များကို ကြိုတင် တွက်ဆနိုင်သော ပညာရှင်များပင် ဖြစ်ပေသည်။
အလားတူပင် ပညာရပ်နယ်ပါယ်တိုင်း၌ ကျွမ်းကျင်သော ပညာရှင်များ၊ ထိုပညာရပ် တစ်ခုချင်းစီ၌ ပညာ ပါရမီ ရင့်သန် သူများကို နိမိတ်ဆောင်များဟု ခေါ်ပေသည်။ ဖြစ်ပေါ်လာမည့် ဖြစ်ရပ်ပေါ်၌ ၎င်းတို့၏ တွေ့ရှိ ချက် သည် စိတ်ကူးယာဉ် တွေးဆမှု မဟုတ်ဘဲ တိကျ သေချာသည်ဟု မိမိကိုယ် မိမိယုံကြည် စိတ်ချရ လောက်သော အသိဉာဏ်ကို ရရှိခြင်းကြောင့် သူတို့ ကိုယ်သူတို့ ယုံကြည်ချက်မှာ ခိုင်မာပေသည်။ ၎င်းတို့ သည် ရှေးတွင် ဖြစ်ခဲ့သော ဖြစ်ရပ်များပေါ်၌ အခြေခံ၍ အဖြေထုတ် ကြရသူများ ဖြစ်ပေသည်။ သို့သော် သူတို့ သိသော အရာ၌ သူတို့၏ ယုံကြည်ချက်မှာ ပြင်းထန်လှပေသည်။
၎င်းတို့ကို ကျမ်းမြတ်ကုရ်အံလာ အာရ်ဗီဝေါဟာရဖြင့် “မလာအိကာဟ်” ဟုခေါ်ပေသည်။ ဤနေရာ၌ မိရိုးဖလာ ယုံကြည်လက်ခံသူများအတွက် ရှင်းစရာ အနည်းငယ် ရှိလာပေသည်။ အဘယ်ကြောင့်ဆိုသော် မိရိုးဖလာ ရိုးရိုး သားသားဖြင့် ယုံကြည်လက်ခံထားသူများမှာ “မလာအိကာဟ်” ဆိုသည်ကို- ရှေး နှစ်ပေါင်း ထောင်ကျော်မှ စာပေများအား စွဲကိုင်ထားသော ဆရာတော်ကြီးများ၏ ဘာသာပြန်ဆိုမှု အတိုင်း “နတ်ဒေ၀ါ” ဟု အနက်ကို ပေးသည့် ခရစ်ယံဝေါဟာရ “ကောင်းကင်တမန်တော်” ဟုသာ နားလည်ထား သောကြောင့် ဖြစ်ပေသည်။
“မလာအိကာဟ်” ဆိုသော စကားလုံးသည် “စွမ်းအား။ အခွင့်အာဏာ”ဟု အနက်ကိုပေးသော “မာလက်ခ်” နှင့် ရင်းမြစ်တူ ဝေါဟာရမှ ဆင့်ပွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ် သိပ္ပံညာ၌ နှစ်ခြိုက်သော ပညာရှင် များက ၎င်းကို “စွမ်းအင်” ဟု ဘာသာပြန်ဆို ကြပေသည်။ ထိုသို့ ဘာသာ ပြန်ဆိုခြင်းသည်ပင် သိပ္ပံပညာနှင့် နီးစပ်မှုရှိသယောင် ဖြစ်သော်လည်း “ကောင်းကင်တမန်” ဆိုသည့် မမြင်စွမ်းနိုင်သော “ဓါတ်ဘူတ ဖြစ်တည်မှု” ဘက်သို့ ဦးတည်ဆဲပင် ဖြစ်နေပေသေးသည်။ အမှန်တကယ်တွင် “မလာအိကာဟ်” ဆိုသည်မှာ ထိုဓါတ်ဘူတ ဖြစ်တည်မှုများကို သိနိုင်သည့် ဉာဏ်စဉ်ကို ရရှိသည့် ပညာရှင်များသာ ဖြစ်ပေသည်။ သို့သော် ၎င်းတို့သည် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) သတင်းတော်ဆောင် (နဗီ) များကဲ့သို့ “သဗ္ဗညုတဉာဏ်စဉ်” အဆင့်ထိ ရရှိသူများ မဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) သတင်းတော်ဆောင် (နဗီ) များကို နာခံရပေသည်။
”မလာအိကာဟ်” ဟူသည်မှာ နတ်ဒေ၀တာ ကောင်းကင်တမန်တော် သော်လည်းကောင်း စွမ်းအင် သော်လည်း ကောင်း မဟုတ်ဘဲ “ လူသားစင်စစ်” ဖြစ်ကြောင်းကို ကျမ်းမြတ်ကုရ်အံလာ သုတ်ဒေသနာများအရ ရှင်းရှင်း လင်းလင်း သိနိုင်ပေသည်။ (အမျိုး လေးပါး သတ္တာဝါများကို ကြည့်ပါ၊)

ဌေးလွင်ဦး

No comments: