Saturday, May 31, 2008

ကျမ်းမြတ်ကုရ်အံ မိတ်ဆက်

ဟိန္ဒူ ဘာသာဝင်များ အတွက် ဘဂ၀ဂီတ၊ ရေ၀တီ ဘာသာဝင် (ဂျူး)များ အတွက် တိုရာ (ဓမ္မဟောင်း)၊ ဗုဒ္ဓဘာသာဝင်များ အတွက် ပိဋက၊ ခရစ်ယံများ အတွက် သမ္မာကျမ်းစာ တို့သည် အဓိက ပင်မကျမ်းတော်များ ဖြစ်သကဲ့သို့ အစ္စလာမ်
ဘာသာဝင်များ အတွက် ကုရ်အံကျမ်းတော်သည် အဓိက ပင်မကျမ်းတော် ဖြစ်သည်။
စာပေကျမ်းဂန်တိုင်းတွင် ထူးခြားချက် ၀သေသဂုဏ်ပုဒ်များ ရှိကြသကဲ့သို့ ကျမ်းမြတ်ကုရ်အံတွင်လည်း ထူးခြားသောဂုဒ်များ များစွာရှိပေသည်။ ၎င်းတို့အနက်-
(၁) ကျမ်းတော်သည် “ကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်” ဟု တဆင့်ပြန် ပြောကြားခြင်း မဟုတ်ဘဲ တိုက်ရိုက်စကား ဖြစ်သည်။
(၂) အသက်မဲ့ဘာသာ စကား (စကား အသံထွက်သာ ရှိ၍ စာပေအက္ခရာ မရှိသောစကား၊ ပြောဆိုသော လူမျိုး မရှိတော့ဘဲ အသံထွက် အားဖြင့်သာ ကျန်ရှိနေသော စကား) မဟုတ်ဘဲ လက်ရှိခေတ်ထိ ပြောဆို သုံးစွဲ ရေးမှတ် ထွန်းကား နေသော ဘာသာစကားကြီး (ကုလသမဂ္ဂသုံး တရားဝင် ဘာသာစကားနှင့် နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် ရုံးသုံး ဘာသာစကား ဖြစ်သည့်) အရ်ဗီစာပေ စကားဖြင့် မူရင်း မပျက် မှတ်တမ်းတင်ထားသော ကျမ်းတော် ဖြစ်သည်။
(၃) ကမ္ဘာပေါ်တွင် လူသားများ (အနည်းဆုံး လူဦးရေ သန်း ၃၀ ခန့်) အလွတ်အရဆုံး ကျမ်းတော် ဖြစ်သည်။
(၄) ကမ္ဘာလူမျိုးပေါင်းစုံက ကျမ်းတော်ကို သက်ဝင် ယုံကြည်သော်လည်း၊ အာရ်ဗီစကားဖြင့် မူရင်းမပျက် တည်ရှိနေမူကို သဘောထား ညှိနေရန် မလိုဘဲ ကန့်ကွက်မည့် သူမရှိ မြတ်မြတ်နိုးနိုး တန်ဘိုးထားကာ မိမိကသာ မငြိုမငြင်ဘဲ နားလည်အောင် ကျိုးစားယူသော တုနှိုင်းမဲ့ ကျမ်းတော် ဖြစ်သည်။
(၅) မူရင်း အာရ်ဗီစာသားမှ ရုံးသုံးစကားရှိသော ကမ္ဘာ့ဘာသာစကား အားလုံးသို့ ဘာသာပြန်ပြီးသည့် အပြင် အစ္စလာမ် ဘာသာဝင်များ သာမက အစ္စလာမ်ဘာသာဝင် မဟုတ်သူများကပင် လူမျိုးတိုင်းအတွက် အကျိုး ဖြစ်ထွန်းစေသည်ဟု ယုံကြည်သောကြောင့် ဘာသာပြန်ယူကြသော ကျမ်းတော်ဖြစ်သည်။ (ခရစ်ယံ ဘုန်းတော်ကြီးများ ဖြစ်သည့် ရော့ဒ်ဝဲလ်၊ ပါလ်မာ၊ ဆေးလ် နှင့် ကုရ်အံကို ဘာသာပြန်ပြီးနောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်း သက်ဝင်လာသော ဒေးဗက်ဒ် နှင့် ပက်ေဿာ တို့အပြင် ကျမ်းမြတ်ကုရ်အံကို ဂျပန်သို့ ပထဦးဆုံး ပြန်ဆိုသော ပုဂ္ဂိုလ်မှာ ဂျပန် ဗုဒ္ဓဘာသာဝင် ဂျပန်စာ ပါမေက္ခကြီး ဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အံကို မြန်မာစာ အဆန်ဆုံး ပြန်ဆိုခဲ့သည့် သီရီပျံချီ ဦးဘစိန်၏ ကုရ်အံဘာသာပြန်ကိုလည်း မြန်မာ့သမိုင်းဝင် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း ဥက္ကဌကြီး ဘကြီးဘဖေ ကိုယ်တိုင် စေတနာ အလျှောက် စိတ်အား ထက်သန်စွာဖြင့် မြန်မာစာ အသုံးများကို စဆုံး တည်းဖြတ် ပေးခဲ့ပေသည်)။
ထိုသို့ ထူးခြားနေသော ကျမ်းတော်တစ်ခုအား မည်သည့် ခံယူချက်ပင် ရှိစေကာမူ စာပေ၀ါသနာ ပါသူတိုင်း၊ ဗဟုသုတ လိုလားသူတိုင်း ဖတ်ရှု လေ့လာသင့်သော ကျမ်းတော် တစ်အုပ် ဖြစ်ပေသည်။
ကုရ်အံကျမ်းတော် တစ်အုပ်လုံးအား အာရ်ဗီမူရင်းဖြင့် ပုံမှန် ဖတ်ရွတ်လျှင် (၁၉) နာရီခန့်သာ အချိန်ပေးရ ပါသည်။ အာရ်ဗီစာပေ မတတ်ကျွမ်းသော အစ္စလာမ် ဘာသာဝင် မဟုတ်သည့် ဓမ္မမိတ်ဆွေ၊ စာပေမိတ်ဆွေ များအား မကြာမှီတွင် လုံးဝ မြန်မာစာ သက်သက် (လေးနက်သော စကားလုံးများကို ရှင်းလင်းချက်များ) ဖြင့် အခမဲ့ လေ့လာ ဖတ်ရှုနိုင်ရန် ၀က်ဘ်ဆိုက် မှ တင်ပေးပါမည်။

ဌေးလွင်ဦး

ဘာသာတရားနှင့် ဘာသာရေးစာအုပ်များ

လူဖတ်အများဆုံးစာပေ
ကမ္ဘာ့လူသားများအနက် ဘာသာမဲ့ဝါဒီဟု မိမိကိုယ်မိမိ ကြေငြာသူများထက် ဘာသာတရား တစ်ခုခု၏ ခေါင်းစဉ်အောက်၌ ခိုလှုံသူများက ရာခိုင်းနှုန်းများစွာ ပိုမိုပေသည်။
ဘာသာတရားရှိပါသည် ဆိုသော လူသား အားလုံးနီးပါးသည် ဘာသာရေးစာများကို ရွတ်ဖတ်ကြပေသည်။ စာမတတ်သူများပင်လျှင် နှတ်တိုက်ရရာ ဂါထာများ စာပိုဒ်များကို နေ့စဉ် ရွတ်ဖတ်နေလေ့ရှိပေသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် လူအဖတ်ဆုံး စာပေမှာ ဘာသာရေး စာပေသာ ဖြစ်ပေသည်။
ဖတ်ကားဖတ်၏ မရ
ဘာသာရေးစာပေသည်၊ စိတ်တည်ငြိမ်မှု၊ ရောင့်ရဲတင်းတိမ်မှု၊ လူသားအချင်းချင်း စာနာနားလည်မှု၊ ဉာဏ်စဉ်ထက်မြက်မှု၊ ယုတ္တိဗေဒရှိသော တွေးခေါ်မျှော်မြင်မှုများကို ပေး၏။ သို့သော် ယနေ့ခေတ်တွင် ဘာသာရေးစာပေကို ရွတ်ဖတ်နေသူများ၏ အများစုမှာ ဖေါ်ပြပါ အနှစ်သာရများထက် ပုံပြင် ဒဏ္ဍာရီများ၊ အနိုင်လု အငြင်းပွားမှုများ၊ အယူသည်းမှုများကိုသာ ပိုင်ဆိုင်ကပ်ငြိ လာကြသည်ကို
ဝမ်းနည်းဘွယ် တွေ့ရပေသည်။
ထိုသို့ ဖြစ်ရခြင်းမှာ မိမိတို့ ဖတ်ရွတ်မိနေသော စာပေများမှာ ဘာသာရေး ခေါင်းစဉ်အောက်တွင် နေရာယူထားသော ဘာသာရေး ပညာရှင်များ၏ လက်ရာများ ဖြစ်သည့် ပုံပြင်ဇတ်လမ်းသာ ဖြစ်၍ ဘာသာတရားတို့၏ မူလဘုရားဟော ကျမ်းဂန်များမှ အလှမ်းဝေးနေဆဲ ဖြစ်ခြင်းကြောင့် လည်းကောင်း။ မူလဘုရားဟောကျမ်းဂန်များမှ အချို့သော စာပိုဒ်များကိုသာ ဂါထား မန္တရား အဖြစ် ရွတ်ဖတ်မိနေခြင်းကြောင့် လည်းကောင်း။ မူရင်း ကျမ်းစာများကို အသံထွက်နောက်သို့သာ ကောက်ကောက်ပါအောင် လိုက်လျှက် အနက်အဓိပ္ပါယ်ကို သိနားလည်အောင် လေ့လာရမှန်း မသိသောကြောင့်လည်းကောင်း။ မူရင်းကျမ်းဂန်များကို တပည့်ဒကာများအနေဖြင့် သိနားလည်အောင် လေ့လာကြရန် တိုက်တွန်း အားပေးသော ဘာသာရေး ဆရာတော်ဟူ၍ မရှိသလောက် ရှားပါးခြင်းကြောင့် လည်းကောင်း။ ဖြစ်ပေသည်။ (စာပေခေတ်-ကိုရှုပါ)


ဌေးလွင်ဦး

ဗဟုသုခေတ် (သို့) စာပေခေတ်

သူထက်ငါ ဗဟုသုတ ကြွဝလိုသော ယခုခေတ် မျိုးဆက်သစ်များအနေဖြင့် ကမ္ဘာ့လူသား အများစု ဖတ်နေသော စာပေများကို ပစ်ပါယ်ထားခြင်းမှာ ဗဟုသုတ ကြွဝသေးသည် မမည်ပေ။
ကမ္ဘပေါ်တွင် လူသားပေါင်း သန်း ၇၀၀ ဖတ်ရွတ်နေသော (ဟိန္ဒူကျမ်းစာ)ဘဂ၀ဂီတ၊ လူသန်းပေါင်း ၇၀၀ ကျော် ရွတ်ဖတ်နေသော ပိဋကတော်။ လူသန်းပေါင်း ၁၆၀၀ ကျော် ရွတ်ဖတ်နေသော ခရစ်ယံသမ္မာကျမ်းစာ၊ လူသားသန်းပေါင်း ၁၉၀၀ ကျော် ရွတ်ဖတ်နေသော ကုရ်အံ ကျမ်းစာတို့ကို မဖတ်ရသေးဘဲလျှက် မိမိကိုယ်မိမိ စာပေသမား သို့မဟုတ် ခေတ်ပညာတတ်ဟု ခံယူနေမှုကို ပြန်လည် သုံးသပ်ရန် လိုမည် ဖြစ်ပေသည်။
ဥပမာအားဖြင့်- ပိဋကတော်ကိုသာ ဖတ်ဘူးသော လူတစ်ဦး အနေဖြင့် သူသည် သူသား သန်းပေါင်း ၇၀၀ ၏ အတွင်း၌သာ ရှိနေသေးသည် ဖြစ်၍ အခြားသော လူသားများရှေ့၌ မိမိကိုယ်မိမိ ဘာသာရေး ပညာရှင်ဟု ရင့်ကျူးမှုမှာ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ အလားတူပင် ကုရ်အံကျမ်းကိုသာ ဖတ်ဘူးသူတစ်ဦး အနေဖြင့်လည်း လူသား သန်းပါင်း ၁၉၀၀ ကျော် အတွင်းမှသာ ဖြစ်၍ ကျန်ကမ္ဘာ့လူသားများ အလည်တွင် ဘာသာတရား၌ မိမိသည် သိကျွမ်းသူ ဖြစ်သည်ဟု မကြွေးကျော်နိုင်ပေ။
ထိုထက်ပို၍ ဆိုးသည်က မိမိဘာသာတရား၏ ခေါင်းစဉ်အောက်၌ ရှိသော ကျမ်းစာ(ဘဂ၀ ဂီတ၊ ပဋိက၊ သမ္မာကျမ်း၊ ကုရ်အံကျမ်း) ကိုပင် နားလည်သော ဘာသာစကားဖြင့် စနစ်တကျ မဖတ်မိသူများပင် ဖြစ်၏၊ သူတို့၏ ဘာသာတရားနှင့် ပတ်သက်သော ပြောဆိုမှု ခံစားမှုများသည် ကြားဘူးနားဝ အဆင့်ထက် ကျော်လွန်နိုင်မည် မဟုတ်ချေ။ သို့မဟုတ် သူနှက်သက်သော စာရေးဆရာတစ်ဦး (များ)၏ နောက်လိုက်ထက် ကျော်လွန်နိုင်မည် မဟုတ်ပေ။
နေ့စဉ် သတင်းများ၊ ဇတ်လမ်းများ၊ နိုင်ငံရေးစာပေများ၊ ဆောင်းပါးများ၊
ဝတ္ထုများအပါအ၀င် စာပေပေါင်းများစွာကို မဖတ်ဘဲ သာသာရေးစာပေချည်း ဖတ်နေသူများသည်လည်း ဒဏ္ဍာရီကင်းသော အတွေးအခေါ်ကို တည်ဆောက်နိုင်မည် မဟုတ်သလို ဘာသာရေး၏ ပင်မစာအုပ်များကို မလေ့လာဘဲ နေ့စဉ် စာပေများကိုသာ ဖတ်နေသူတို့သည်လည်း စာပေသမား ပီသသည် မမည်သေးပေ။
ထိုသို့သော လူသားများအနေဖြင့် လူမျိုးပေါင်းစုံ စုစည်းနေထိုင်သော ခေတ်ကမ္ဘာကြီးတွင် လူသား အကျိုးပြု လုပ်ငန်းများ၌ သယ်ပိုးဆောင်ရွက်နိုင်ရာ၌ သော်လည်းကောင်း လူသားချင်းနားလည်မှုကို တည်ဆောက်ရာ၌ သော်လည်းကောင်း အားနည်းမှုများ ရှိနိုင်ပေသည်။
ထို့ကြောင့် ခေတ်သစ် မျိုးဆက်များ မိမိကိုယ်မိမိ စာပေသမားများ ဖြစ်လိုသူများ၊ လူသားအပေါင်း၏ ရင်တွင်းမှ ခံစားချက် ယုံကြည်ချက်များကို နားလည်လိုသူများ၊ ဗဟုသုတ ကြွယ်ဝလိုသူများ၊ မိမိကိုယ်မိမိ ဦးနှောက် ထောင်ကျမှု မှလွတ်မြောက်လိုသူများ အနေဖြင့် ဘာသာတရား၏ ပင်မကျမ်းဂန်များကို လူသားတို့ ဖန်ဆင်းထားသော ဘာသာရေးကိုယ်စားပြု လူတန်းစားတစ်ရပ်၏ လက်ထဲ၌သာ မူပိုင်ပေးထားခြင်းမှ ရှောင်ကြဉ်လျှက် မိမိ၏ စာပေအဖြစ် သတ်မှတ်လေ့လာရန် အရေးကြီးပေသည်။
ငရဲကိုကြောက်၍ နိဗ္ဗာန်ကိုမက်၍ ဖတ်ရွတ်ခြင်းထက် လူ့အကျိုးပြုအတွက် နည်းနာရနိုင်ရန် ဆင်ခြင်သုံးသပ် စီစစ်ဝေဖန်လျှက် စနစ်တကျ ဖတ်နိုင်သော စွမ်းအားလည်း အရေးကြီးပေသည်။
အတွေးအခေါ်တော်လှန်ရေး သမားများ စာပေအပေါင်းကို ချည်းကပ် လေ့လာနိုင်ပါစေ။ ။

ဌေးလွင်ဦး

Wednesday, May 28, 2008

ကိုယ်တော်အီဗရာဟီးမ် (မင်းကြီး သင်္ခါ)

ကိုယ်တော် အီဗရာဟီးမ် ကို ကုရ်အံကျမ်းတော်တွင် အမည်နာမအားဖြင့် (၆၉)ကြိမ် ဖေါ်ပြပြီး။ ယုံကြည်ချက်၌ ယိုင်လဲမှု မရှိသော ပုဂ္ဂိုလ် (သရဏဂုံ မြဲသော ပုဂ္ဂိုလ်) “ဟနီးဖ်” ဟု ဘွဲ့တော်ရပေသည်။ အီဗရာဟီးမ် ဆိုသည့် အဓိပ္ပါယ်မှာ “လူမျိုးများ၏ ဖခင်” ဟု ဖြစ်ကြောင်း (သမ္မာကျမ်းစာ၏ ကမ္ဘာဦးကျမ်း ၁၇း ၆)၊ တွေ့ရပေသည်၊ အစ္စလာမ်ဘာသာဝင်တို့အား “မူဆလင်” ဟုခေါ်ခြင်းမှာ ကိုယ်တော် အီဗရာဟီးမ် လက်ထက်တော် ကတည်းက အသိအမှတ်ပြုပေးခဲ့သော အမည်နာမ ဖြစ်ပေသည်။ (၂၂း၇၈) နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင် ကိုယ်တော် မုဟမ္မွဒ်သည် သူ၏မျိုးနွယ်ထဲမှ ဖြစ်ပေသည်။
ဤနေရာ၌ တင်ပြစရာ အနည်းငယ် ရှိပေသည်၊ မြန်မာ ဗုဒ္ဓဘာသာများ အနေဖြင့်လည်း ဤဘဒ္ဒကမ္ဘာ၌ နောက်ဆုံးပွင့် ပညတ်ဘုရား တစ်ပါး ပွင့်ပေါ်ရန် ရှိပေသည်၊ ထို ကိုယ်တော်၏ အလျှင် စကြာဝတေးမင်းကြီး သင်္ခါ ပွင့်ပေါ်လာမည်ဟု ပိဋကတော် စက္က၀တ္တိသုတ်၌ ဆိုထားပေသည်၊ ထိုမင်းကြီးတွင် အချွေအရံ မိဘုရား များနှင့် ပြည့်စုံသည့် အပြင် အဖိုးထိုက်လှသော သားဦးရတနာနှင့် သားသမီးများ အထောင်အသောင်း ရှိလိမ့် မည်ဟု ဆိုထားပေသည်။ (စက္က၀တ္တိသုတ် ၁၀၆)၊ ပိဋကတော်လာ ဖေါ်ပြသော စကားလုံးများအား ရှေးသုံး ပေါရာဏ ဝေါဟာရများနှင့် မကောက်ယူခဲ့သော် မင်းကြီးသင်္ခါ၏ သမိုင်းသည် ကိုယ်တော် အီးဗရာဟီးမ်၏ သမိုင်းနှင့် လွန်စွာ နီးကပ်မှု ရှိပေသည်။
ထိုသုတ်တော်၌ မင်းကြီးပေါ်ထွန်းမည့် အရပ်သည် ကျူပင် မြက်ပင်နှင့်တောတောင် ထူထပ်မှုတို့ ကင်းသည့် လူအများနေထိုင်ရာ ဇဗ္ဗူဒီပါကျွန်းဟု ဆိုထားသဖြင့်၊ ထိုအရပ်သည် တောတောင်များ အလွန်ထူပြောသည့် ဟိမ၀န္တာနှင့် နီးစပ်သည့် အရပ်ဒေသဟု သတ်မှတ် နားလည်ရန် မဖြစ်နိုင်ပေ။ ထိုအင်္ဂါရပ်မှာ ကျွန်းဆွယ် တစ်ခုခု နှင့်သာ ကိုက်ညီမှုရှိပေသည်။ ထိုအချက်ကို အဆိုပါသုတ်တော်ပါ “ပင်လယ်လေးတန်နှင့် ၀န်းရံလျှက်ရှိသည်” ဟုဆိုခြင်းက တိကျခိုင်မာ စေပေသည်။ ၎င်းသည် အာရေဗျ ကျွန်းဆွယ်တွင် ပေါ်ထွန်းခဲ့သော ကိုယ်တော် အီဗရာဟီးမ်၏ သမိုင်းများနှင့် ကိုက်ညီနေသည်ကို တွေ့ရပေသည်။
(၁) မင်းကြီးတွင် သားသမီး အထောင်အသောင်း ရှိမည်ဟူသော အချက်မှာလည်း။ အီဗရာဟီးမ်အား ကောင်းကင်မှ ကြယ်များ၏ အရေအတွက်ကို မရေတွက်နိုင် သကဲ့သို့ သားသမီးမျိုးနွယ် များပြားစေမည် ဟူသော (သမ္မကျမ်းစာ ကမ္ဘာဦး (၁၅း ၅)နှင့် တိုက်ဆိုင် နေပါသည်။
(၂) မင်းကြီးတွင် အဖိုးထိုက်တန်သော သားဦးရတနာ ရှိလိမ့်မည်ဟူသော အချက်မှာလည်း။ အီဗရာဟီးမ်သည် အဘိုးမဖြတ်နိုင်သော သားဦးရတနာ အီစ္စမာအီးလ်ကို ရခဲ့ပေသည်၊ သူ၏ ဖခင်အပေါ်၌ အနစ်နာခံမှုကို ယခုအခါ အစ္စလာမ်ဘာသာဝင်ပေါင်း သန်း၂၀၀၀ ခန့်(ကမ္ဘာ့ လူဦးရေ၏ သုံးပုံ တစ်ပုံ နီးပါး)က “စွန့်လွှတ်စတေးမှု” (ကုရ်ဘာနီ)ကို နှစ်စဉ် ဆောင်ရွက် နေရခြင်းက သက်သေတည်နေပေသည်။ ထိုအချင်းအရာကြောင့် ကမ္ဘာ့လူသားပေါင်းများစွာသည် သားအဖနှစ်ဦးအား မည့်သည်အခါတွင်မှ မေ့ကွယ်၍ မရနိုင်ပေ။
(၃) မင်းကြီးမှာ ထိုဇဗ္ဗူဒီပါကျွန်းမှ ကေတုမတီမည်သော နေပြည်တော်၏ ပြည့်ရှင်မင်း ဖြစ်မည် ဟူသော အချက်ကိုလည်း ကုရ်အံကျမ်းလာ သုတ်တော် (၂း ၁၂၄) တွင် “သင့်အား လူသားတို့၏ ရှေ့ဆောင်အဖြစ် ခန့်အပ်တော်မူပြီ” ဟူသော အချက်က ထောက်ပြနေပြီး။ သူပြန်လည် ထူထောင်ခဲ့သော မက္ကာဟ်မြို့အား မြို့ရွာတို့၏ မိခင်ဟု ကုရ်အံကျမ်းတော်က ဆိုပေသည်၊ (၆း ၉၂)။
(၄) မင်းကြီးသည် စကြာဝတေးမင်းကြီး ဖြစ်သည် ဆိုခြင်းကို- သင့်အားလူမျိုးကြီး ဖြစ်စေမည်။ သင်၏ နာမကို ကြီးမြတ် စေတော်မူမည်၊ ခါနန်ပြည် (ယခု အာရဗ်ကမ္ဘာ) ကိုသင်၏ မျိုးနွယ်အား အစဉ်အမြဲ အပိုင်ပေးမည်။ (ကမ္ဘာဦး ၁၂း ၂။ ၁၇း ၁၀) ဟူ၍တိုက်ဆိုင်နေ ပြန်သည်။
(၅) အံ့သြစရာကောင်းသည်က မင်းကြီးသင်္ခါသည် ရှေးရှေးက မင်းကြီး မဟာပန်နဒ အတွက်တည်ဆောက် ခဲ့သော အဆောက်အဦးတော်ကို ပြန်လည် မြှင့်တင်တော်မူလိမ့်မည် ဟူ သောအချက်ပင်တည်း။ အီဗရာဟီးမ်သည် သူ၏ သားဦးရတနာနှင့်အတူ ရှေးဟောင်း လူသားတို့ အမြတ်တနိုးထားသော အဆောက်အဦး (၀တ်ကျောင်းတော်) ကို ပြန်လည် မြှင့်တင်တော်မူခဲ့သည် ဆိုသည်ပင်ဖြစ်၏၊ (ကုရ်အံ ၂း ၁၂၇)။
မင်းကြီးသင်္ခါသည် နောက်ဆုံးပွင့်ပေါ်မည့် မေတ္တယျ (မေတ္တာ၏ ကံပုဒ်။ မေတ္တာပို့ ခံထိုက်သူ ) ဘုရားရှင် အတွက် ရှေးပြေးနိမိတ် ဖြစ်သည်ဟု ဆိုထားသကဲ့သို့ အစ္စလာမ်ဘာသာဝင်တို့က နောက်ဆုံးပွင့် ဉာဏ်စဉ်တော်ဆောင်ဟု အခိုင်အမာ ယုံကြည်သော မုဟမ္မဒ် (မေတ္တာပို့ခံထိုက်သူ)ကိုယ်တော်၏ ရှေးပြေးနိမိတ်မှာ ကိုယ်တော်အီဗရာဟီးမ် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တို့ အနေဖြင့် ဘာသာတရားတစ်ခုနှင့် တစ်ခုအကြား နားလည်မှုရစေရန် ပိုမို နီးစပ်မှုရှိစေရန် စေတနာကောင်းများဖြင့် သုတေသန ပြုလုပ်သင့်ပေသည်။

ဌေးလွင်ဦး

Saturday, May 24, 2008

မူဆာနှင့် “သောက်ရေ ပြသနာ”

ကိုယ်တော်မူဆာနှင့် ပါတ်သက်၍ အခြား ထင်ခြားစွာ လွဲမှား ဘာသာပြန်သော ဖြစ်ရပ်တစ်ခုမှာ ကျမ်းတော်၏ ၂း ၆၀ တွင် ဖေါ်ပြသော “သောက်ရေ ရရန်---သင့်လက်ထောက်အား ကျောက်တောင်ဆီသို့ ခရီးနှင်စေလော့” ဟူသည့် စကား “အိဿွရိဗ်။ ဗိ အဆွာကလ် ဟဂျရ” ကို “သင့်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်လော့” ဟု ပြန်ဆိုခြင်း ဖြစ်ပေသည်။ ထိုသို့ ဘာသာပြန် ဆိုခြင်းသည် ရွက်ကြမ်းရေကြို မှန်ကန်သော်လည်း အနှက်သာရအားဖြင့် လုံးဝလွဲမှားပေသည်။ ထို့အပြင် စာပေတစ်ခု၏ အလင်္ကာ၊ ရသ၊ ဂုဏ်၊ တို့ကို နားမလည်ရာလည်း ရောက်ပေသည်။
ထို့အတွက် ဤ၀ါကျတွင် ပါဝင်သော စကားလုံး သုံးလုံးကို ရှင်းပြရန်လိုပေသည်၊ ပထမအနေဖြင့် ရိုက်လော့ဟု အများက ဘာသာပြန်သည့် အိဿွရိဗ် (မူရင်း ဿွရဗ)မှာ ရိုက်သည်၊ ထိခိုက်သည်၊ ဟူသော အဓိပ္ပါယ်ကိုသာ ပေးသည် မဟုတ်ပေ၊ ခရီးသွားသည်။ သွားလာရှာဖွေသည် ဟူသည့် အဓိပ္ပါယ်ကိုလည်း ပေးပေသည်။ ကျမ်းတော်၏ နေရာပေါင်းများစွာ တွင် ဿွရဗ အော့က်ဿ်။ ဿွရဗဖီးလ် အော့က်ဿ် မြေပေါ်၌ ခရီးသွားလာခဲ့သည်။ မြေအနှံ့ သွားလာခဲ့သည်ဟု ဆိုထားပေသည်။ သာဝကကြီး အလီ၏ အလွန်ထင်ခြားသော အဆိုအမိန့် ဖြစ်သည့် “ဘာသာရေး ခေါင်းဆောင်တို့သည် တိုင်းပြည်အနှံ့ သွားလာ စူးစမ်းသင့်သည်” ဟူသည်ကို အာရ်ဗီစကားဖြင့် ဿွရဗ ယအ်ဆုဗ်လ်ဒီးနု ဗိဿန်ဗေဟ် ဟုဆိုပေသည်။ ဤစကားတွင်လည်း ဿွရဗကို ခရီးနှင်သည်ဟုပင် သုံးထားပေသည်၊ ထို့ အပြင် အကယ်၍ သင်သည် ဿွရဗတ် အော့က်ဿ် ကုလဟာ ဟု ပြောလျှင်။ “ကျွန်ုပ်သည် သူ့အား မြေပြင်အနှံ့ လိုက်လံရှာဖွေသည်”ဟု ဆိုခြင်း ဖြစ်ပေသည်။ ဤစကားလုံးနှင့် ဤအဓိပ္ပါယ်ကို၂း ၂၇၃ တွင်လည်း ထင်ခြားစွာ တွေ့နိုင်ပေသည်။ ထို့ကြောင့် အိဿရိဗ် (ဿွရဗ ၏ စေခိုင်းခြင်းစကားလုံး)မှာ သွားလာစေလော့။ ခရီးနှင်စေလော့။ လိုက်လံရှာဖွေစေလော့ဟု ဖြစ်ပေသည်။
ဒုတိယ စကားလုံး ဗိအဆွာက မှ အဆွာ ဆိုသည်မှာ တောင်ဝှေး။ လက်ကိုင်တုတ် ဟု ဖြစ်သော်လည်း ၎င်း၏ အဓိပ္ပါယ်မှာ အားကိုးအားထားရသော လူ့အသိုင်းအ၀ိုင်း၊ လူ့အသိုက်အမြုံ၊ နောက်လိုက်ကောင်းများကို ၀င်္က၀ုတ္တိ အလင်္ကာဖြင့် ပြောခြင်းဖြစ်ပေသည်။ အာရ်ဗီစကားတွင် ထိုကဲ့သို့ မြောက်များစွာ ပြောဆိုပေသည်။ ဥပမာ ခိုင်မာသော လူ့အသိုင်း အ၀ိုင်းအား ဖီလာဆန့်ကျင်ပြုခြင်းကို ရှာ့က်ကုလ် အဆွာ ဟု ဆိုပြီး၊ ဤစကားမှ အဆွာ သည် လူ့အသိုင်းအ၀ိုင်း ဟုဖြစ်ပေသည်။ ထို့အပြင် “လူ့အသိုင်းအ၀ိုင်းအား သတ်မိသူ မဖြစ်စေနဲ့” ဟူသည့် စကားလုံးတွင်လည်း လူ့အသိုင်းအ၀ိုင်းကို အဆွာ ဟုပင်ဆိုပေသည်။ ထို့ကြောင့် ဤသုတ်တော်မှ အဆွာသည် ကိုယ်တော်မူဆာ၏ နောက်လိုက်ကောင်းများကို ဆိုလိုခြင်းဖြစ်ပေသည်။
တတိယမြောက်စာလုံးဖြစ်သည့် ဟဂျရ ဆိုသည်ကို အထူးရှင်းနေရန် မလိုပါ၊ ၎င်း၏ အဓိပ္ပါယ်မှာ ကျောက်တောင် ကျောက်ခဲပင် ဖြစ်၍ အချို့နေရာများတွင် မာန်မာနကြီးသော မာကျောသည့် နှလုံးသားများကိုလည်း တင်စားပြောဆိုပေသည်။ သို့သော် ဤသုတ်တော်တွင် ကိုယ်တော်မူဆာ၏ နောက်လိုက်များအတွက် သောက်ရေရရန်မှာ နှလုံးသားမာကျောသူများထံသို့ သွားရောက်တောင်းရမ်းခြင်း မဟုတ်သဖြင့် ကျောက်တောင်၊ ကျောက်ခဲ၊ ကျောက်ဆောင်များပေါသည့် တောင်တန်းကို ဆိုခြင်းဖြစ်ပေသည်။
ဤသုတ်တော်ပါ တောင်ဝှေး “အဆွာ” ဆိုသည်ကို နောက်လိုက်ကောင်းများ အသိုင်းအ၀ိုင်းကောင်းများဟု နားလည်ပြီး သူများအတွက်
“ကိုယ်တော်၏ တောင်ဝှေးက မြွေနဂါးဖြစ်သွား၍ မှော်ဆရာများ၏
တောင်ဝှေးမှ ဖြစ်လာသော မြွေများကို ၀ါးမြိုလိုက်ခြင်းများ ဖြစ်ပေသည်”
ဆိုခြင်းကို အထူးရှင်းပြရန် လိုသည်ဟု မထင်တော့ပါ။

ဌေးလွင်ဦး

ဒဏ္ဍာရီ ဇတ်ကောင်မဟုတ်သည့် ကိုယ်တော်မူဆာ

ကိုယ်တော်မူဆာအား အမည်နာမအားဖြင့် ကုရ်အံကျမ်းတော်တွင် ၁၃၆ ကြိမ်ဖေါ်ပြပြီး၊ ကိုယ်တော်သည် အစ္စရေး လူမျိုးများအား အမိုက်မှောင်မှ ကယ်ချွတ်ရန် ပွင့်ပေါ်လာခြင်း ဖြစ်သည်ဟု တင်ပြပေသည်။ ကိုယ်တော်မုဟမ္မဒ်နှင့် သူ၏နောက်လိုက်များအတွက် ဥပမာများကို ကိုယ်တော်မူဆာနှင့် သူ့နောက်လိုက်များ၏ ပမာနှင့် အကြာခဏ ပုံဆောင်ပြသည်ကို တွေ့ရပေသည်။
သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ ကျွန်ုပ်တို့၏ ဆရာတော်ကြီးများက ကုရ်အံကျမ်းတော်ကို လေ့လာ စဉ်းစား ဘာသာပြန်ဆိုသမျှတွင် ခရစ်ယံ အတွေးအခေါ် ခေါင်းပေါင်းကို ဆောင်းထားလျှက် ပြန်ဆို ရေးသား ဟောပြောခြင်းများကြောင့် ကိုယ်တော်မူဆာအပါအ၀င် ကျမ်းတော်၌ ဖေါ်ပြသော ကိုယ်တော်အများစုမှာ ဒဏ္ဍာရီဇတ်ကောင်များ အဖြစ်မှ ရုန်းမထွက်နိုင်ခဲ့ပေ။
ကိုယ်တော်မူဆာနှင့် ပါတ်သက်၍ ဒဏ္ဍာရီအဖြစ် ဘာသာပြန်ဆို ခံရမှုများအနက် ထင်ရှားသော အကြောင်း အရာများမှာ-
(၁) ပယ်လယ်ပြင်ကို နှစ်ခြမ်းခွဲပစ်ခြင်း
(၂)တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်လိုက်သဖြင့် သောက်ရေများ ပန်းထွက်လာခြင်း
(၃)ကိုယ်တော်၏ တောင်ဝှေးက မြွေနဂါးဖြစ်သွား၍ မှော်ဆရာများ၏ တောင်ဝှေးမှ ဖြစ်လာသော
မြွေများကို ၀ါးမြိုလိုက်ခြင်းများ ဖြစ်ပေသည်။
(၁) ကျမ်းတော်၏ ၂း ၅၀ တွင် ဖေါ်ပြသော “ ငါသည် သင်တို့အတွက် ပင်လယ်ပြင်ကို ခွဲခဲ့ပြီ၊ သင်တို့အား ကယ်နှတ်၍ သင်တို့၏ မျက်မှောက်တွင် ဖာရိုးမင်းဆက်အား နှစ်ခဲ့ပြီ” ဟူသည်ကို ဓမ္မဟောင်းကျမ်း၏ ထွက်မြောက်ရာကျမ်း ၁၄း ၂၂ တွင်ပါသော “၎င်းတို့ ဖြတ်သွားစဉ် ရေများသည်
ဝဲမှ ယာမှ ကျောက်ထရံ ကဲ့သို့ ရှိနေ၏” ဟူသော အယူအဆကို အလိုလိုက်လျှက် ပင်လယ်ကြီးကို အမှန်တကယ် ခွဲပစ်ကြောင်း ဖွင့်ဆို ကြပေသည်။ ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော အယူအဆမျိုး ကုရ်အံကျမ်းတော်၌ ဆိုထားခြင်း လုံးဝ မရှိပေ၊ ဤသုတ်တော်တွင် ဖေါ်ပြထားသော အာရ်ဗီစကား“ဘဟာရ်” ဆိုသည်မှာ “ပင်လယ်ပြင်” သို့မဟုတ် “ဒီရေအတက်အကျရှိသော ပင်လယ်ဝ မြစ်ရေပြင်” ဟု အနက်ရပေသည်။
ဂျူးလူမျိုးများနှင့် ဖာရိုးမင်းဆက်တို့ အခင်းဖြစ်သောနေရာမှာ ပင်လယ်နီတွင် ဖြစ်သောကြောင့် ဤသုတ်တော် ပါ “ဘဟာရ်” ကို ပင်လယ် သမုဒ္ဒရာကြီးဟု ဘာသာပြန်၍ မဖြစ်နိုင်ပေ၊ ပထ၀ီအနေအထားအရ ဒီရေအတက်အကျရှိသော ပင်လယ်ဝ မြစ်ရေပြင်သာလျှင် ဖြစ်ပေသည်၊ ထို့အပြင် ပထ၀ီပညာအရ ရှေးနှစ်ပေါင်းများစွာက ပင်လယ်နီတွင် ကျွန်းစုတန်း များစွာ ရှိနေခဲ့ပေသည်၊ ပင်လယ်နီ၏ မြောက်ဘက်အစွန်ဆုံးအပိုင်း (ဓမ္မဟောင်းကျမ်းချက်အရ အခင်းဖြစ်ရာ နေရာ) သည် ကျွန်းစုများ ကြားရှိ ရေလက်ကြား ဖြစ်၍ ရေနက်ပိုင်း မဟုတ်ခဲ့ပေ၊ ဒီရေ ကျနေစဉ်တွင် ရေခမ်းနေပြီး။ ဒီရေ တက်လာ သောအခါမှသာ ရေပြည့်လျှံခြင်း ဖြစ်ပေသည်၊ ကိုယ်တော်မူဆာ (မောရှေ)နှင့်နောက်လိုက်များ ဖြတ်သွားစဉ် ဒီရေကျ၊ ရေခမ်းနေခြင်း ဖြစ်ပေသည်၊ ထိုအချက်ကို ကျမ်းတော်၏ (၂၀း၇၇)တွင် သူတို့ ဖြတ်သွားသော လမ်းသည် “ခြောက်သွေ့သော လမ်းကြောင်း” တွရီးကန် (မ်) ဟု အခိုင်အမာ ပြောထားပြီး သူတို့၏ နောက်မှ လိုက်လာသော ဖာရိုးမင်းဆက်များ ထိုနေရာသို့ ဖြတ်သန်းစဉ် ဒီရေ အတက်နှင့် ထိပ်ဆိုင်တိုးရခြင်း ဖြစ်ပေသည်၊ ထိုအချက်ကို ၂း ၅၀ ရှိ ဖာရိုးမင်းဆက်အား နှစ် (နစ်စေ)ခဲ့ပြီ ဆိုသည့် စကားက ထောက်ပြနေပေသည်။
ထို့ကြောင့် ကျမ်းတော်တွင် ဖေါ်ပြသော “ပင်လယ်ပြင်ကို ခွဲခဲ့ပြီ” ဆိုသည်မှာ သဘာဝဓမ္မကို ချိုးဖျက်၍ ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲပစ်ခြင်း မဟုတ်ပေ။ ခွဲခြားသတ်မှတ်ပြီး ဖြစ်သည့် ဒီရေအတက်နှင့် ဒီရေအကျ ပင်လယ်ရေ၏ သဘာဝနှင့် ကိုယ်တော်မူဆာနှင့် သူ၏ရန်သူများအကြောင်း ဖြစ်ရပ်ကို ပူးတွဲ တင်ပြခြင်း သာဖြစ်ပေသည်။ ထိုဖြစ်ရပ်ကြောင့် ဖာရိုးမင်းဆက်မှာ ရေနစ် မျိုးပြုတ်သွားခြင်း မဟုတ်ပေ၊ သမိုင်း ရေစီး၌ နစ်မြုပ်သွားခြင်းသာ ဖြစ်ပေသည်။ (သောက်ရေအတွက် ကျောက်တုံးကို ရိုက်ခြင်း- သီးခြားခေါင်းစဉ်ဖြင့် ဖတ်ပါ)
ဌေးလွင်ဦး

ကိုယ်တော်မူဆာသည် ဂေါဏာဂုံ မြတ်စွာဘုရားလော

ကိုယ်တော်မူဆာကို သမ္မွာကျမ်းစာတွင် မောရှေဟု ရေးသားပြီး၊ ကိုယ်တော်သည် အစ္စရေးလ် လူမျိုးများအတွက် ပွင့်ပေါ်သော ဉာဏ်စဉ်တော်ဆောင် (ရစူလ်) တစ်ပါး ဖြစ်ပေသည်။ ဂျူးလူမျိုးများသည် ထိုစဉ်က ပါဠိဘာသာစကားဖြင့် “ဂေါဏ” ဟုခေါ်သည့် နွားကို “သရဏဂုံ” တင်ကိုးကွယ်နေခဲ့ပေသည်၊ ထိုသို့သော ကိုးကွယ်မှား ထဲမှ ကျွတ်လွတ်စေရန်နှင့် ပရမတ်ဘုရားရှင်အားသာ သဏရဂုံတည် ကိုးကွယ်ကြရန် ကိုယ်တော်က ဆောင်ကြည်းပေးခဲ့သည်၊ ကိုယ်တော်မူဆာကို ဖာရိုးမင်းဆက်က မြစ်ထဲမှ ကောက်ယူမွေးစားသောကြောင့် ထီးနန်းတွင်းတွင် ကြီးပြင်းလာခဲ့သည်၊ (၂၈း ၈။ ၉)၊ ကိုယ်တော်မူဆာအား မြစ်ထဲရှိ သဖန်းပင်အနီးမှ ရရှိသဖြင့် ကိုယ်တော်၏ အမည်မှာ ဟီးဘရူး ဘာသာစကားဖြင့် မူ “ရေ” ဆာ “သဖန်းပင်” ဟုဖြစ်၍ ရေသဖန်းပင် ဟုအနက် ရပေသည်၊ (ဆရာတော် ဃာဇီဟာရှင်၏ ကုရ်အံအလင်းပြကျမ်း အတွဲ ၁)။ ဗုဒ္ဓဘာသာ တရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့သည် ဘုရားရှင်များတွင် ဂေါဏာဂုံ (ဂေါဏာဂုဏ်) ဘုရားရှင်သည်လည်း ရေသဖန်းပင်ကို ကိုယ်စားပြုသောကြောင့် စိတ်ဝင်စားဘွယ် တိုက်ဆိုင် နေပါသည်၊ ကျွန်ုပ်အနေဖြင့် စေ့စုံလုံလောက်စွာ သုတေသန မပြုနိုင်သေးသောကြောင့် ကိုယ်တော်မူဆာအား ဂေါဏာဂုဏ် ဘုရားရှင်ဖြစ်သည်ဟု တိုက်ရိုက်ပြောဆိုနိုင်သော အင်အားမရှိပါ၊ ဒဏ္ဍာရီ ဆန်ဆန်ဖြစ်နေသော ဇတ်လမ်းများကို အမှန်တရား စင်မြင့်ပေါ်သို့ ပို့ဆောင်လိုသော နောင်လာ နောက်သား ပညာရှင်များအတွက် သုတေသန ပြုလိုက ပြုနိုင်စေရန် ကျွန်ုပ်လေ့လာ ဖတ်ရှု သမျှမှ လမ်းစရနိုင်မည့် အချက်အလက်များကို ဖေါ်ပြပေးခြင်းသာ ဖြစ်ပါသည်၊
အခြား အချက်အလက်များမှာ (၁) ဗုဒ္ဓဘာသာတရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ ဆိုသည်မှာ ဤလက်ရှိ ကမ္ဘာကိုသာ ခေါ်ပေသည် ရာဇ၀င်လာ ပျက်သွားပြီးသော ကမ္ဘာများ မဟုတ်ချေ။ (၂) ဘုရားရှင် ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင် ဆိုသည်ထက် သာသနာတစ်ခု၏ ခေါင်းဆောင်နာယက ဆိုသည်မှာ ထင်ခြားပေသည်။ (၃) ဗုဒ္ဓဘာသာတရားတော် အရ ဤကမ္ဘာ၌ ဘုရားရှင်ပေါင်း မရေမတွက်နိုင်အောင် ပွင့်ပေါ်ခဲ့သော်လည်း ထင်ခြားသော ပင်မဘုရားကြီး ငါးဆူကိုသာ အဓိက ရည်ညွှန်းထားသည်။ ထို အချင်းအရာအား စီစစ်ကြည့်လျှင် ဤကမ္ဘာ တွင် ဘာသာတရားပေါင်း ဂိုဏ်းပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့သော်လည်း ထင်ခြားသော ဘာသာတရားကြီးများမှာ (ဟိန္ဒူ။ ဂျူး။ ဗုဒ္ဓ။ ခရစ်ယံနှင့် အစ္စလာမ်) ငါးခုသာရှိပေသည်၊ (၄) ဓမ္မဟောင်း ကျမ်းစာများကို မှတ်တမ်းတင်သော ကာလ (ဗုဒ္ဓမပွင့်မှီ သို့မဟုတ် ပွင့်ပေါ်ဆဲနှင့် ခေတ်ပြိုင်) ကတည်းက အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယမှာ ဆက်စပ်မှု ရှိနေပေသည် (ဓမ္မဟောင်းကျမ်း၏ ဧသတာဝတ္ထု ၁း၁)။ တနည်းအားဖြင့် ဆက်သွယ်ရေး ပြတ်တောက်နေသော သီးခြား ကမ္ဘာ မဟုတ်တော့ပေ။
တဖန် ကိုယ်တော်ဂေါဓမ ဟောကြားသော တရားဒေသနာများသည် ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန်ဖြစ် နေသော်လည်း- စာပေယဉ်ကျေးမှုကို ပြန်ကြည့်လျှင် ထိုခေတ်ထိုချိန်မှ ကိုယ်တော်ပွင့်ပေါ်ရာ ဒေသမှ လူသားများနားလည် သဘောပေါက်စေရန် ထိုခေတ်သုံး စာပေဟန်ဖြင့် ဥပမာ ဥပမေယျစုံသည့် ဇတ်လမ်း အဖြစ် စီကာပတ်ကုံး ပြောဆိုခြင်းသာ ဖြစ်၍ မဟုတ်မမှန်သော ဒဏ္ဍာရီများကို တင်ပြခဲ့ခြင်း မဟုတ်ဆိုသည်ကို စာပေအဌာရသ ခေါ် စာပေသုခုမ၌ လိမ္မာသူတိုင်းက နားလည်ကြပေသည်။ ထို့ကြောင့် ဤ ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ် သည့် ဘုရားရှင် ငါးပါးဖြစ်သည့် “ကကုဿန်၊ ဂေါဏဂုဏ်၊ ကဿဖ၊ ဂေါဓမ၊ မေတ္တယျ” ဆိုသည်တို့မှာ ဒဏ္ဍာရီလာ ဇတ်လိုက်များ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ကျမ်းမြတ်ကုရ်အံက ဤဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့ကြသော ကိုယ်တော် မူဆာ၊ ကိုယ်တော် ဂေါဓမ၊ ကိုယ်တော်ယေရှုနှင့် ကိုယ်တော် မိုဟမ္မဒ်တို့အား သဗ္ဗညုတ ဉာဏ်စဉ်များ ရရှိသည့် ဉာဏ်စဉ်တော် ဆောင်များအဖြစ်လည်းကောင်း မိရိုးဖလာ အမိုက်မှောင်တွင် နွံနစ်နေသော လူသားအပေါင်းအား တရားအလင်းရောင် ဆီသို့ ဦးဆောင်ခဲ့သူများအဖြစ်လည်းကောင်း ဖေါ်ပြသည့်အပြင် အစ္စလာမ်သာသနာ၌ သက်ဝင်ယုံကြည်သူများအနေဖြင့် ထိုအရှင်သူမြတ်များကို အဆင့်အတန်း ခွဲခြားခွင့် မပြုပေ။ (ဒဏ္ဍာရီ ဇတ်ကောင်မဟုတ်သည့် ကိုယ်တော်မူဆာ- ကို ဖတ်ရှုပါ)

ဌေးလွင်ဦး

ရှေးရိုးစွဲများ (အိဗလိဆ်)

ရှေးရိုးစွဲများဆိုသည်မှာ သီးခြားမျိုးနွယ် တစ်ခု မဟုတ်ပေ၊ လူတစ်ဦးချင်း၏ ခံယူချက်၊ အကျင့်သီလ၊ ဓလေ့ စရိုက်၊ လိုက်နာကျင့်ဆောင်မှု၊ အားထုတ်ကြိုးပမ်းမှုနှင့် အထုံဝါသနာပေါ်တွင် ရင်းမြစ်ခံ၍ လူတန်းစား နှင့် လူသားတို့၏ အုပ်စုခေါင်းစဉ်များ ကွဲပြားရခြင်း ဖြစ်ပေသည်။
ကျမ်းမြတ်ကုရ်အံက ထိုရေးရိုးစွဲများကို “အိဗလိဆ်” ဟု ခေါ်သည်။ ဤနေရာ၌ မိရိုးဖလာ စာပေအားနည်း သူများအတွက် ရှင်းပြရန် အနည်းငယ်ရှိသည်မှာ၊ ၎င်းတို့အနေဖြင့် “အိဗလိဆ်”ကို “မလာအိကာဟ်” များ“ဂျင်” များနှင့် လိုက်လျှောညီထွေဖြစ်စေရန် ဓါတ်ဘူတကို ကိုယ်စားပြုသည့် “မာရ်နတ်” ဟု လက်ခံယုံကြည် ထားကြပေသည်။
အာရ်ဗီစကား“အိဗလိဆ်” ဆိုသည်မှာ ခြိမ်းခြောက်သည် ဟု အနက်ကိုပေးသော
ပါဠိဝေါဟာရ “တစ္ဆေတ” ၏ အဓိပ္ပါယ်ကို မပေးပေ။ ထို့ကြောင့် “အိဗလိဆ်” ကို တစ္ဆေ၊ သရဲ အသွင် ခံစားနည်းလည်သည့် မကောင်း ဆိုး ၀ါး မာရ်နတ်ဟု သဘောပေါက် လက်ခံခြင်းမှာ မှားယွင်းပေသည်။
“အိဗလိဆ်”သည် ရင်းမြစ်စကားလုံး “ဗလဆ” မှဆင့်ပွားခြင်း ဖြစ်၍ အဓိပ္ပါယ်မှာ “သူသည် တွေဝေခဲ့သည်။ သူသည် နောက်ပြန်ဆုတ်ခဲ့သည်။”ဟု ဖြစ်ပေသည်။ တဖန် ကျမ်းမြတ်ကုရ်အံအရ ကြည့်ပြန်လျှင် “မာန် မာန တစ်ခွဲသားကြီးနှင့် သူတပါး၏ တတ်မြောက်သော ပညာရပ်များကို အသိအမှတ် မပြုသောသူ ဖြစ်ပေသည်။” တနည်းအားဖြင့် မိမိကိုယ်မိမိ အထင်ကြီးနေပြီး သူတစ်ပါးအား အသိအမှတ်မပြုသူ။ မိမိ၏ မိရိုးဖလာဓလေ့ကိုသာ အဟုတ်ကြီးမှတ်လျှက် သူတစ်ပါး၏ တိုးတက်မှုကို မနာလိုဖြစ်သူ မလိုက်နာသူ ယုတ္တိမဲ့စွာ အယူသည်းလွန်းသူများ ဖြစ်ပေသည်။ သူတို့သည် လူသားစင်စစ်များသာလျှင် ဖြစ်ကြပေသည်။ ဤနေရာ၌ ကျမ်းတော်က သုံးနှုံးပြောဆိုသော “ရှိုင်တွန်” နှင့် “အိဗလိဆ်” ကို ရောစပ်သွားနိုင်ပေသည်။ “ရှိုင်တွန်” ဆိုသည်မှာ သူတစ်ပါးအား လှည့်စားဖြားယောင်းသောသူ ဖြစ်၍။ “အိဗလိဆ်” မိမိကိုယ်မိမိသာ လှည့်စားသောသူ ဖြစ်ပေသည်။(အမျိုးလေးပါး သတ္တ၀ါများ ကိုဖတ်ရှုပါ)

ဌေးလွင်ဦး

Monday, May 19, 2008

နိမိတ်ဆောင်များ (မလာအိကာဟ်)

နိမိတ်ဆောင်များသည် ခေတ်ကာလတိုင်း နေရာဌာနတိုင်း ပညာရပ်နယ်ပါယ်တိုင်းနှင့် လူ့အသိုင်း အ၀ိုင်းတိုင်း တွင် ပေါ်ထွန်းကြပေသည်။ ၎င်းတို့သည် သာမန်လူသားများထက် ပညာပါရမီဖွံ့ဖြိုးကြပြီး သာမန်လူသားများအတွက် ဖြစ်ပေါ်လာတတ်သည့် သဘာဝ အန္တရာယ်များကို ကြိုတင်တွက်ဆ နိမိတ်ဖတ်နိုင်ကြပေသည်။ ဥပမာအားဖြင့် မိုးလေ၀ဿ ပညာရပ်တွင်မုန်တိုင်းရေးရာ ကျွမ်းကျင်သူများ၊ မြေငလျှင်ရေးရာ ကျွမ်းကျင်သူများနှင့် သာမန် ထက် ထူခြားသော သဘာဝအန္တရာယ်များကို ကြိုတင် တွက်ဆနိုင်သော ပညာရှင်များပင် ဖြစ်ပေသည်။
အလားတူပင် ပညာရပ်နယ်ပါယ်တိုင်း၌ ကျွမ်းကျင်သော ပညာရှင်များ၊ ထိုပညာရပ် တစ်ခုချင်းစီ၌ ပညာ ပါရမီ ရင့်သန် သူများကို နိမိတ်ဆောင်များဟု ခေါ်ပေသည်။ ဖြစ်ပေါ်လာမည့် ဖြစ်ရပ်ပေါ်၌ ၎င်းတို့၏ တွေ့ရှိ ချက် သည် စိတ်ကူးယာဉ် တွေးဆမှု မဟုတ်ဘဲ တိကျ သေချာသည်ဟု မိမိကိုယ် မိမိယုံကြည် စိတ်ချရ လောက်သော အသိဉာဏ်ကို ရရှိခြင်းကြောင့် သူတို့ ကိုယ်သူတို့ ယုံကြည်ချက်မှာ ခိုင်မာပေသည်။ ၎င်းတို့ သည် ရှေးတွင် ဖြစ်ခဲ့သော ဖြစ်ရပ်များပေါ်၌ အခြေခံ၍ အဖြေထုတ် ကြရသူများ ဖြစ်ပေသည်။ သို့သော် သူတို့ သိသော အရာ၌ သူတို့၏ ယုံကြည်ချက်မှာ ပြင်းထန်လှပေသည်။
၎င်းတို့ကို ကျမ်းမြတ်ကုရ်အံလာ အာရ်ဗီဝေါဟာရဖြင့် “မလာအိကာဟ်” ဟုခေါ်ပေသည်။ ဤနေရာ၌ မိရိုးဖလာ ယုံကြည်လက်ခံသူများအတွက် ရှင်းစရာ အနည်းငယ် ရှိလာပေသည်။ အဘယ်ကြောင့်ဆိုသော် မိရိုးဖလာ ရိုးရိုး သားသားဖြင့် ယုံကြည်လက်ခံထားသူများမှာ “မလာအိကာဟ်” ဆိုသည်ကို- ရှေး နှစ်ပေါင်း ထောင်ကျော်မှ စာပေများအား စွဲကိုင်ထားသော ဆရာတော်ကြီးများ၏ ဘာသာပြန်ဆိုမှု အတိုင်း “နတ်ဒေ၀ါ” ဟု အနက်ကို ပေးသည့် ခရစ်ယံဝေါဟာရ “ကောင်းကင်တမန်တော်” ဟုသာ နားလည်ထား သောကြောင့် ဖြစ်ပေသည်။
“မလာအိကာဟ်” ဆိုသော စကားလုံးသည် “စွမ်းအား။ အခွင့်အာဏာ”ဟု အနက်ကိုပေးသော “မာလက်ခ်” နှင့် ရင်းမြစ်တူ ဝေါဟာရမှ ဆင့်ပွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် ခေတ်သစ် သိပ္ပံညာ၌ နှစ်ခြိုက်သော ပညာရှင် များက ၎င်းကို “စွမ်းအင်” ဟု ဘာသာပြန်ဆို ကြပေသည်။ ထိုသို့ ဘာသာ ပြန်ဆိုခြင်းသည်ပင် သိပ္ပံပညာနှင့် နီးစပ်မှုရှိသယောင် ဖြစ်သော်လည်း “ကောင်းကင်တမန်” ဆိုသည့် မမြင်စွမ်းနိုင်သော “ဓါတ်ဘူတ ဖြစ်တည်မှု” ဘက်သို့ ဦးတည်ဆဲပင် ဖြစ်နေပေသေးသည်။ အမှန်တကယ်တွင် “မလာအိကာဟ်” ဆိုသည်မှာ ထိုဓါတ်ဘူတ ဖြစ်တည်မှုများကို သိနိုင်သည့် ဉာဏ်စဉ်ကို ရရှိသည့် ပညာရှင်များသာ ဖြစ်ပေသည်။ သို့သော် ၎င်းတို့သည် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) သတင်းတော်ဆောင် (နဗီ) များကဲ့သို့ “သဗ္ဗညုတဉာဏ်စဉ်” အဆင့်ထိ ရရှိသူများ မဟုတ်ပေ၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) သတင်းတော်ဆောင် (နဗီ) များကို နာခံရပေသည်။
”မလာအိကာဟ်” ဟူသည်မှာ နတ်ဒေ၀တာ ကောင်းကင်တမန်တော် သော်လည်းကောင်း စွမ်းအင် သော်လည်း ကောင်း မဟုတ်ဘဲ “ လူသားစင်စစ်” ဖြစ်ကြောင်းကို ကျမ်းမြတ်ကုရ်အံလာ သုတ်ဒေသနာများအရ ရှင်းရှင်း လင်းလင်း သိနိုင်ပေသည်။ (အမျိုး လေးပါး သတ္တာဝါများကို ကြည့်ပါ၊)

ဌေးလွင်ဦး

မဟာသမ္မတမင်း “အာဒံ”

အာဒံ နှင့် ဧ၀ ကို ကမ္ဘာ့ လူသားတိုင်းကြားဘူး ကြပြီး။ အာဒံသည် ကမ္ဘာ့ ပထဦးဆုံး လူသားဖြစ်၍ ဧ၀ ကို အာဒံ၏ နံရိုးမှ ဖန်ဆင်းလျှက် အာဒံ အတွက် ဇနီးကြင်ဖေါ်ဖြစ်စေသည်- ထိုကမ္ဘာ့ ပထမဦးဆုံး ဇနီးမောင်နှံ နှစ်ဦးထည်းမှ လူသားအပေါင်း ပေါက်ပွား မျိုးပြန့်လာခြင်းဖြစ်သည် စသည်ဖြင့်- ဂျူးဘာသာ ခရစ်ယံဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့က လက်ခံယုံကြည်ထားကြသည်ဟု အစ္စလာမ်ဘာသာဝင် မဟုတ် သူများက နားလည် လက်ခံ ထားကြပေသည်၊ ထိုသို့ နားလည်ထားခြင်းမှာ မမှန်ကန်သော်လည်း အပြစ်မရှိပေ၊ အဘယ် ကြောင့်ဆိုသော် “သရက်ပင်ကို ညောင်ပင်မျိုသကဲ့သို့” အစ္စလာမ်ဘာသာတို့၏ စာပေကျမ်းဂန်များကိုယ်တိုင်က ခရစ်ယံ အယူ အဆများ၏ ၀ါးမျိုခြင်းကို အလူးအလိမ့် ခံထားရသောကြောင့် ဖြစ်၏၊
အမှန်တကယ်တွင်- ကုရ်အံ ကျမ်းတော်၌ “အာဒံ” ဟူသော အမည်ကို (၂၅) ကြိမ်တိတိ ဖေါ်ပြထားပြီး သူ့ခေတ် သူ့အခါက “လူ့သမိုင်း၊ ခေါင်းဆောင်နှင့် နောက်လိုက်များ၏ စိတ်နေသဘောထားများကို” ခေတ်ကာလတိုင်းမှ ခေါင်းဆောင်နှင့် နောက်လိုက်များက နမူနာယူနိုင်ရန်အတွက် ပမာပေး ရှင်းပြထားခြင်းဖြစ်ပေသည်၊
ထိုသို့ ရှင်းပြရာတွင် အာဒံသည် ကမ္ဘာ့ ပထမဦးဆုံးလူသား ဟုလည်းကောင်း။ ဤကမ္ဘာမြေသည်- သမ္မွာကျမ်းစာ အရ ခုနှစ်ပြန်တွက်လျှင် လွန်ခဲ့သော နှစ်ပေါင်း (၆၀၀၀) ကျော်ကမှပေါ်ထွန်းလာသော အာဒံ နှင့် ဧ၀ နေထိုင်နိုင်ရန် ဖြစ်တည်လာရသည် ဟုလည်းကောင်း ကုရ်အံ ကျမ်းတော်၌ဖေါ်ပြခြင်း လုံးဝ မရှိပေ၊ ထို့အပြင် ဧ၀ ဆိုသော အမည်ကိုလည်း ကျမ်းတော်၌လုံးဝ ဖေါ်ပြထားခြင်း မရှိချေ၊
အာဒံနှင့် ပတ်သက်၍ ရည်ညွန်းသမျှတွင် “ဥယာဉ်” ဟူသောစကားကို တွဲ၍ ပြထားသောကြောင့် အာဒံသည် လူအသိုင်းအ၀ိုင်း စတင်အခြေချ နေထိုင်သည့် စိုက်ပျိုးရေးခေတ်ကို ဦးဆောင် တည်ထောင်သော စိုက်ပျိုးရေး ခေတ်၏ ဖခင်ကြီးဖြစ်ကြောင်းကို ထောက်ပြထားပေသည်၊ စိုက်ပျိုးရေး ခေတ်ကာလာ မတိုင်မှီမှ လူသားများ သည် အတည်တကျ နေထိုင်ခြင်း မရှိသေးဘဲ သစ်ဥသစ်ဖုရရာ ဒေသများသို့ ရှာဖွေသွားလာ ကျက်စားနေ သောကြောင့် တိကျသော လူ့အသိုက်အမြုံ ဟူ၍ မရှိသေးပေ၊ ထိုခေတ်ကို သမိုင်းမတင်မှီ ခေတ်ဟု ခေါ်တွင် သည်၊ (ကမ္ဘာ့လူသားများ. လူ့သမိုင်းစတင်သော စိုက်ပျိုးရေးခေတ်ကို အရှေ့အလယ်ပိုင်းမှ စတင်ပြီး။ စက်မှု ခေတ်ကို အင်္ဂလန်မှ စတင်ကာ နည်းပညာခေတ် (သို့မဟုတ်) စက်မှုလွန်ခေတ်ကို အမေရိကန်မှ စတင်သည်ဟု ပညာရှင်များက သဘောတူ လက်ခံထား ပေသည်)၊
ကျမ်းတော်တွင် ဖေါ်ပြသော “ဂျနတ်” ကို ကျွန်ုပ်တို့၏ ဆရာတော်အများစုကလည်း ခရစ်ယံသမ္မွာ ကျမ်းစာ၏ ဖွင့်ဆိုမှု နောက်သို့ လိုက်ကာ။ ကောင်းကင်ဘုံရှိ နိဗ္ဗာန်ဟု ဘာသာပြန်ကြသောကြောင့် လေ့လာသူတို့၏ နားလည် မှုများမှာ ပိုမိုလွဲချော်သွားပေသည်၊အာရ်ဗီဝေါဟာ ရ “ဂျနတ်” သည် “နိဗ္ဗာန်”ဟူသော အနက် တစ်ခုတည်းကိုသာ ပေးသည် မဟုတ်ချေ၊ ကျမ်းတော်၏ မြောက်များစွာသော နေရာများ၌“ဥယာဉ်” ဟူသော အနက်ဖြင့် သုံးထားသည်ကို မည်သူမှ မငြင်းနိုင်ပေ၊ အာဒံနှင့် ပတ်သက်၍သုံးသော “ဂျနတ်” ဟူသည်မှာ ကောင်းကင် ဘုံရှိ “နိဗ္ဗာန် မဟုတ်ချေ၊ ၄င်းကို ၂း ၃၀ တွင် “ငါသည် မြေကမ္ဘာ၌ သမ္မွတမင်းကို ခန့်အပ်တော် မူမည်” ဟု ဖေါ်ပြ ထားခြင်းက တိတိကျကျ ရည်ညွှန်းပေသည်၊ ဤ သုတ်တော်မှ “သမ္မွတမင်း”ဆိုသည်မှာ “အာဒံ” ကို ဆိုလိုပြီး သူတို့ အချေချသော “ဥယာဉ်” ကို ကောင်းကင်ဘုံတွင် မဟုတ်ကြောင်း “မြေကမ္ဘာပေါ်၌” ဆိုသော စကားက အတိအကျ ဆိုထားပေသည်၊ တနည်းအားဖြင့် ဥယာဉ်မြေဆိုသည်မှာ စိုက်ပျိုးရေးခေတ်ကို ရည်ညွှန်းပြီး။ အတည် တကျနေထိုင်မှုကို စတင်ကြောင်း ဖေါ်ပြပေသည်၊ ၎င်းကို “အချေချ၍” (၂း ၃၅) ဆိုသော စကားလုံးက ထင်ခြား စေပေသည်၊
ကျမ်းတော်တွင် အာဒံကို “ခလီဖာဟ်” သမ္မွတမင်း ဟုလည်းကောင်း (၂း ၃၀)။ “အမည်နာမ များကို သင်ကြား ခံရသူ” ဟုလည်းကောင်း(၂း ၃၁)။ “အီဗလီဆ်” မှ အပ နောက်လိုက်အပေါင်းတို့က ဦးချရသူ ဟုလည်းကောင်း (၂း ၃၄)ဖေါ်ပြထားပေရာ-
“သမ္မွတမင်း”ဆိုသည်မှာ အာဒံနှင့် ဧ၀ ဇနီးမောင်နှံ နှစ်ဦးတည်းသာ ဖွဲ့စည်းသော လူ့အဖွဲ့အစည်း၏ ခေါင်း ဆောင် ဂုဏ်ပုဒ် (အိမ်ထောင်ဦးစီး) မဟုတ်ချေ။ တိုင်းပြည်တစ်ပြည် သို့မဟုတ် လူ့အသိုင်းကြီး တစ်ခု အတွက် ခေါင်းဆောင်မှု ဂုဏ်ပုဒ် (အုပ်ချုပ်သူ။ အရိုက်အရာဆက်ခံသူ) ဖြစ်ပေသည်၊
“အမည်နာမများကို သင်ကြားခံရသူ” ဆိုသည်မှာ အရာဝတ္ထု အသစ်များကို တီတွင်ဖန်တီး နိုင်စွမ်းရှိသော ဉာဏ် ကို ရရှိသူ ဖြစ်ပေသည်။ မိမိတီထွင်သော အရာများကို မိမိကသာ အမည်ကင်ပွန်း တပ်ပေးရမည် ဖြစ် သည်။ ၄င်းကို ၂း၃၃ တွင် “သူသည် အမည်နာမများကို ထုတ်ပြန်သော်” ဟူသော စကားက တိကျ ခိုင်လုံ စေ ပေသည်၊ တနည်းအားဖြင့် “အရာဝတ္ထု တစ်ခုတိုင်းအား တီထွင်နိုင်သူတိုင်းသည် ထိုအရာ၏ အာဒံ ဖြစ်သည်” သူသည် သူတီထွင်သော အရာကို အမည်ပေးသူ ဖြစ်ပေသည်၊ ထို့ကြောင့် လူသားများကို အာဒံ၏ သားသမီး များဟု သုံးစွဲခေါ်ဆိုခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားတိုင်းသည် အရာဝတ္ထုများကို တီထွင် နိုင်သော အခွင့် အရေးရှိသည့် ဉာဏ်စဉ်ကို ပိုင်ဆိုင်ခြင်းကြောင့် ဖြစ်ပေသည်။ (မိမိတီထွင်သော အရာအား မိမိသာ မူပိုင်ဖြစ် သည်- ထိန်းသိမ်းအုပ်ချုပ်သူဖြစ်သည်)။
အဆိုးဝါးဆုံး လွဲမှားချက်မှာ “မလာအေကာဟ်တို့အား အာဒံကို ဦးချကြလော့ဟုဆိုသော် ဦးချကြကုန်၏။ သို့ သော် အိဗလီဆ်။ သူသည် ငြင်းပါယ်၍ မောက်မာ၏၊” (၂း ၃၄) ဟူသော သုတ်တော်မှ “မလာအေကာဟ်” နှင့် “အိဗလီဆ်” ကို နတ်ကောင်း နတ်ဆိုးများ ဟု အဓိပ္ပါယ် သက်ရောက်စေ သည့် ကောင်းကင်တမန်တော်၊ မရ်နတ် စသော စကားလုံးများဖြင့် ဘာသာပြန်ဆို လိုက်ခြင်းပင် ဖြစ်၏။ ထိုသို့ ဘာသာပြန်ဆို လိုက်ခြင်းကြောင့် အာဒံ၏ ခေတ်တွင် အခြား လူသားများ မရှိသလို ဖြစ်သွားရ ပေတော့သည်၊ အမှန်မှာ ကျမ်းတော် အရ ၄င်းတို့ သည် လူသားစင်စစ်များသာ ဖြစ်ပေသည်၊ (နိမိတ်ဆောင်များ။ ရှေ့ရိုးစွဲများ ကို ဖတ်ရှုပါ)၊
အာဒံနှင့် ပါတ်သက်၍အခြားသော လွဲမှားမှုတစ်ခုမှာ သူသည် ဘုရားရှင် တားမြစ်ထားသော အပင်မှ အသီးကို စားလိုက်သည်။ ထိုအခါ အသီးနင်၍လည်ပင်း၌ ဂျို့ ထွက်နေရသည၊် သူဇနီး ဧ၀ ကမူ အသီးကို မစားသော ကြောင့် ဂျို့ ထွက်ခြင်းမရှိဟု ဋီကာချဲ့ခြင်းပင်၊ ကုရ်အံ ကျမ်းတော်တွင် ထိုအချင်းအရာများကို လုံးဝ မဖေါ်ပြပေ။
ကျမ်းတော်က “ဤ အပင်နားသို့ မချည်းကပ်လင့်” ဟုသာ ဆိုထားပြီး ဤအပင် ဆိုသည်ကို မည်သည့်အပင်ဟု (အမည်ကို) ဆိုထားခြင်း မရှိပေ။ သို့သော် ထိုအပင်သည် မကောင်းမှုကို လှုံဆော်သော အပင်ဖြစ်သည်ဟု ဆိုပေသည်၊ ထို့ကြောင့်ဤွှအပင်ဆိုသည်မှာ အပင်ကဲ့သို့ အမြစ်တွယ်တတ်သော မကောင်းမှု။ အစွဲ။ ဒုစရိုက်။ မိရိုးဖလာဓလေ့ကို ၀င်္က၀ုတ္တိ အလင်္ကာဖြင့် ဖေါ်ပြခြင်း ဖြစ်ကြောင်း နားလည်နိုင်ပေသည်၊ ပိဋကတော်တွင် မုလေးစပါးပင်ဟု ဆိုပေသည် (အဂ္ဂညသုတ်) မြေမှ ပေါက်သော မုလေးစပါးပင်ကို မှီဝဲမိသောကြောင့် ကမ္ဘာဦး လူသားတို့ အဆင့်လျော့ကျခဲ့ရပုံ။ မဟာသမ္မွတမင်း တင်မြှောက် ပုံများကို ဤသုတ်တော်တွင် ကျယ်ကျယ် ပြန့်ပြန့် ဖေါ်ပြထားပေသည်၊
အာဒံသည် လက်ပါးစေတို့၏ မကောင်းသော အကြံပေးမှုများကို လက်ခံကာ မတရားမှု၌ နစ်မွန်းမိသောကြောင့် ဦးစီးဦးဆောင် နေရာမှ ယိမ်းယိုင်ရခြင်း၊ အေးချမ်းတည်ငြိမ်သော လူ့အသိုင်းအ၀ိုင်းမှာ ကွဲထွက်ကုန်ခြင်း၊ အချင်းချင်း စစ်မက်များ ဖြစ်ပွားရခြင်း၊ အချိန်အပိုင်းအခြား တစ်ခုအထိ ပြန်လည် စုစည်းနိုင်မှု မရှိဘဲ၊ လူမျိုးစု ကိုယ်စီတို့ သီးခြားစီ နေထိုင်ခဲ့ရခြင်းကို (၂း ၃၆) ထောက်ပြထားခြင်း ဖြစ်ပေသည်။
၂း ၃၆ တွင် ဖေါ်ပြသော “ထွက်သွားကြလော့” ဆိုသည်မှာ မြင့်မြတ်သော နေရာမှ နိမ့်ကျသောနေရာသို့ လျောကျခြင်း (ရာထူးကျခြင်း) ကို ဆိုပေသည်၊ ဤစကားကို ဆရာတော်ကြီးများက အာဒံသည် အထက် ကောင်းကင် မြင့်မြတ်သော နိဗ္ဗာန်ဘုံမှ နိမ့်ကျသော မြေကမ္ဘာသို့ ဆင်းလာရသည် ဟု ဋီကာချဲ့ ကြပေသည်၊ အကယ်၍ “နိဗ္ဗာန်ဘုံ”သာဖြစ်ခဲ့လျှင်။ ထိုဘုံနန်း၌ အဘယ် မကောင်းဆိုးဝါး ရှိချေ မည်နည်း။ နိဗ္ဗာန်၌ စံမြန်း နေသော သူတို့အား အဘယ် မကောင်းဆိုးဝါးက ဖျားယောင်း နိုင်အံ့နည်း၊ ဆိုသည်ကို ထည့်စဉ်းစားမိဟန် မရှိချေ၊


ဌေးလွင်ဦး

အမျိုးလေးပါး သတ္တ၀ါများ

ပိဋကတော်လာ အမျိုးလေးပါး
မြန်မာစာပေ၌ မွေ့လျှော်သူတိုင်းက “အမျိုးလေးပါး သတ္တာဝါများ” ဆိုသည့်ကို ရင်းရင်းနှီးနှီး ကြားဖူးကြ၏။ သို့ သော် ကြားဘူးနားဝ အားနည်းသူများအတွက် အမျိုးလေးပါး ဆိုသည်ကို တင်ပြရန် အနည်းငယ် လိုမည် ဖြစ် သည်။ အမျိုးလေးပါး ၏ နောက်ဆက်တွဲ “သတ္တ၀ါများ” ဆိုသည့် စကားကြောင့် အမျိုးလေးပါးဆိုသည်မှာ “လူ သား” တစ်မျိုးတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဟု နားလည်မှု လွဲချော် နိုင်ပေသည်။ ထိုအမျိုးလေးပါး ဆိုသော စကားသည် လူသား တစ်မျိုးတည်းကိုသာ ဆိုလိုပြီး မျိုးနွယ်အစု ကွဲပြားခြင်းကိုသာ ဆိုလိုပေသည်။ ၎င်းကို ပိဋကတော်ရှိ ပါထိက၀ဂ် ပါဠိတော် အဂ္ဂညသုတ်တွင် အတိအကျပြောထားပြီး ထိုအမျိုးလေးပါး ဆိုသည်မှာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ အသည်မျိုး၊ သူဆင်းရဲမျိုး ဟူ၍ ဖြစ်ပေသည်။
အဆိုပါ သုတ်တော်တွင် နေ၊ လ၊ ကမ္ဘာဖြစ်ပေါ်လာခြင်း။ ယောက်ျား မိန်းမ ဖြစ်ပေါ်လာခြင်း နွယ်ချို၊ မုလေး စပါးပင် ဖြစ်ပေါ်လာခြင်းနှင့် မဟာသမ္မတမင်း တင်မြှောက်ခြင်း၊ ထို့နောက် အမျိုးလေးပါးအဖြစ် ခွဲခြား သတ် မှတ် ခံရခြင်းများကို စုံစုံလင်လင် ရှင်းလင်း တင်ပြထားပေသည်။
ထိုသို့ အမျိုးလေးပါးဟု ခွဲခြား သတ်မှတ်ခြင်းသည် “လူ” ဟူသော ဂုဏ်သတ္တိ ပျက်ပျယ်သွားခြင်းကြောင့် မဟုတ် ဘဲ ၀ါသနာ၊ ဓလေ့၊ ကျင့်ဆောင်အားထုတ်မှုနှင့် အတွေးအခေါ် မတူညီခြင်းကြောင့်သာ ဖြစ်ပေသည်။ အသား ရောင် အမျိုးဇာတ် ကို မဆိုလိုပေ သေချာစွာ လေ့လာလျှင် ထိုအမျိုးလေးပါးမှ ရာဇ မင်းမျိုးသည် အုပ်ချုပ်သူ လူတန်းစား သို့မဟုတ် ခေါင်းဆောင် ဖြစ်လိုသူ လူတန်းစား နှင့် ဗြဟ္မဏ ပုဏ္ဏား ဆိုသည်မှာ စာတတ်ပေတတ် လူတန်းစား သို့မဟုတ် တတ်သိပညာ ရှင် လူတန်းစား ဖြစ်၍။ အသည်မျိုးဆိုသည်မှာ ကုန်ကူးသန်းရောင်းဝယ် စားသောက်သော လူတန်းစားနှင့် သူဆင်းရဲမျိုးဆိုသည်မှာ သာမန် လက်လုပ်လက်စား လူတန်းစားများကို သတ် မှတ်ကြောင်း ထင်ရှားပေသည်။
ဤသုတ်တော်တွင် ဖေါ်ပြသော မဟာသမ္မတမင်းသည် ကမ္ဘာ့ ပထမဦးဆုံး လူသား မဟုတ်ပေ။ “လူ” ဟူသော မျိုးနွယ်ပေါ်ပေါက်ပြီးမှ စိုက်ပျိုးစားသောက်သော ခေတ်ကာလ ပေါ်ထွန်းလာသည်၊ ထို့နောက်တွင်မှ လူ့အသင်း အဖွဲ့ ပေါ်ပေါက်လာသည်။ ထိုလူ့အသင်းအဖွဲ့ကို အုပ်ချုပ်မင်းလုပ်ရန် သမ္မတမင်း ရွေးကောက် တင်မြှောက် သည်၊ စသည်ဖြင့် အဆင့်ဆင့် နားလည်နိုင်ပေသည်။
ကုရ်အံကျမ်းလာ အမျိုးလေးပါး
ကုရ်အံကျမ်းတော်တွင် အမျိုးလေးပါးကို အာဒံ၊ မလာအိကာဟ်၊ အီဗလီဆ်၊ နှင့် ဂျင် ဟူ၍ ဖေါ်ပြပေသည်၊ (၁၈း ၅၀) သို့သော် ဤနေရာ၌ ရှင်းပြရန် ရှိသည်မှာ ထိုအုပ်စု လေးစုတွင် အာဒံ ကိုသာ လူသား သို့မဟုတ် လူသား မျိုးနွယ်ဟု အသိအမှတ်ပြုလျှက် ကျန် အမည် သုံးခု သို့မဟုတ် အုပ်စု သုံးစုကို နတ်လိုလို ဖုတ်တစ္ဆေ မကောင်း ဆိုးဝါး လိုလို လက်ခံထားကြသည်မှာ ယခု ခေတ်ကာလ ထိတိုင် ဖြစ်ပေသည်။ ထိုသို့ လက်ခံခြင်းမှာ ကျမ်းမြတ် ကုရ်အံအား စော်ကားယုံမျှမက အဘိုးမဖြတ်နိုင်သော မိမိတို့၏ အသိဉာဏ်အား အမနာပ ပြုလုပ် သလို ဖြစ်နေ ပေသည်။
အာဒံ
အာဒံသည် မဟာသမ္မတမင်းဖြစ်သည် (၂း ၃၀)။ သူသည် မလာအိကာဟ်များထက် သာလွန်သော အဌာရသ ပညာရပ်များကို သွန်သင်ခံရသည် (၂း ၃၁)။ သူ့အား ဖေါ်ပြသမျှသော သုတ်တော်တိုင်းတွင် (ဂျနတ်) ဥယဉ် အကြောင်းကို ဖေါ်ပြထားသောကြောင့် သူသည် လူ့သမိုင်းကို စတင်မှတ်တမ်းတင်နိုင်သည့် စိုက်ပျိုးရေးခေတ် ကို ဦးဆောင်ခဲ့ကြောင်း ထင်ရှားသည်။ သူ၏ အဆက်နွယ်သည် မင်းလုပ် အုပ်ချုပ်ရသောကြောင့် မင်းမျိုး ဖြစ်ပေသည်။ (အကျယ်ကို ကျမ်းမြတ်ကုရ်အံက ပြောသော အာဒံ-၌ ကြည့်ပါ)
မလာအိကာဟ်
မလာအိကာဟ် သည် အတွေ့အကြုံ မရှိသော အရာများကို ကြိုတင်သိနိုင်သောသူများ မဟုတ်ချေ၊ တနည်း အားဖြင့် အတွေ့အကြုံ ရှိပြီးသား အရာများအပေါ်၌သာ တွက်ဆ အဖြေထုတ်နိုင်ကြသည်၊ (၂း ၃၃)။ ထိုအကြေင်းကို- သာမန်လူသားများထံသို့ နိမိတ်များကို ဆောင်ကြည်းပေး နိုင်သည် (၄၁း ၃၀) ဟူသည်က ထင်ခြား စေပေသည်။ သူတို့သည် ဉာဏ်စဉ်တော်ဆောင် (ရစူလ်) များကို သစ္စာခံယူ လိုက်နာကြသည် (၄း ၁၆၆)။ ထို့ ကြောင့် သူတို့သည် မောက်မာမှုမရှိသော သဘောရိုး ပညာတတ်လူတန်းစားများ ဖြစ်ပေသည်။
သူတို့သည် လူသားတို့ မမြင်စွမ်းနိုင်သော ဓါတ်ဘူတ နတ်ဒေ၀တာများ မဟုတ်ချေ။ လူသားစင်စစ်များသာ ဖြစ်ပေသည်။ ထိုကြောင့် သူတို့အနက်မှလည်း လူသားတို့အား သွန်သင်ရန် အလို့ငှာ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)များ ပွင့်ပေါ်ကြပေသည် (၂၂း ၇၆)။ သူတို့သည် လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံသောကြောင့် သာမန်လူသားများ ထက် ပိုမိုစွမ်းဆောင်နိုင်သည်၊ ပိုမိုသိမြင်နိုင်ပေသည်။ သူတို့၏ စွမ်းဆောင်နိုင်မှု လက်ရုံးရည်မှာ တစ်ဦးနှင့် တစ်ဦး တစ်ပြေးညီ မဟုတ်ပေ (၃၅း ၁)။ ကျမ်းတော်တွင် သူတို့သည် ကိုယ်တော်မုဟမ္မဒ်အား သစ္စာခံလိုက်နာ သော ထက်မျက်သည့် သူရဲကောင်းကြီးများအဖြစ် ဖေါ်ပြထားပေသည်။ ရန်သူတို့အား တော်လှန်ရာတွင် ကိုယ်တော်ဘက်မှ စစ်ဝင်တိုက်သောကြောင့် ကိုယ်တော်နောက်လိုက်များမှာ အားကိုးအားထားရ၍ ရဲမာန်သတ္တိ ကြွနိုင်ပြီး ရန်သူများမှာ စိတ်ပျက် အားလျှော့ရကြောင်း အခိုင်အမာ ဖေါ်ပြထားသည် (၈း ၁၂)။ ကိုယ်တော် မူဆာ ပရိနိဗ္ဗာန်ပြုပြီးနောက် အစ္စရေးလူမျိုးတို့အား ဘုန်းလက်ရုံးဖြင့် ဦးဆောင်ခဲ့သည့် လူသားများကိုလည်း “မလာအိ” ဟုခေါ်ပေသည်၊ (၂း ၂၄၆)။
မလာအိကာဟ်သည် မြေမှ ဖြစ်တည်စေသော အာဒံမျိုးနွယ်ဟုလည်းကောင်း မီးမှဖြစ်တည်စေသော ဂျင်နှင့် အိဗလိဆ် မျိုးနွယ်မှလည်းကောင်း ဖြစ်သည်ဟု ကျမ်းတော်က မဖေါ်ပြပေ၊ ဆိုလိုသည်မှာ မြေကို အုပ်ချုပ်ခွင့် ရသော မင်းမျိုးမှလည်းကောင်း မီးဖြင့် ချက်ပြုတ်စားသောက်သော ဓလေ့ရှိသည့် မျိုးနွယ်မှ လည်းကောင်း ဖြစ်သည် မဟုတ်ဟု ဆိုခြင်းဖြစ်သည်။ ပိဋကတော်တွင်လည်း ပညာတတ်ပုဏ္ဏားမျိုးနွယ်ကို “မီးခဲ မီးခိုးမှ ကင်း ကုန်သည် ဖြစ်၍ ကျည်ပွေ့ကို ချထားကုန်သည်ဖြစ်၍” ဟု ဆိုထားပေသည် (ပါထိက၀ဂ် ပါဠိတော် အဂ္ဂညသုတ်) ဆိုလိုသည်မှာ စားဝတ်နေရေး အတွက် အာသီသ တစ်ခုတည်းကိုသာထားပြီး ကာယ အင်အားဖြင့် လုပ်ကိုင် စားသောက်သော သာမန်လူမျိုး မဟုတ် အတတ်ပညာ အသိပညာ အတွက် ၀ါသနာကို တစိုက်မတ်မတ်ထားပြီး အသက်အတွက် ရရာကို စားသောက် ရောင့်ရဲနိုင်သော လူမျိုးဟု ဖြစ်ပေသည်။
အိဗလိဆ်
အိဗလိဆ်သည် သမ္မတမင်း၏ သြဇာအာဏကို အသိအမှတ်မပြုသော ပုန်ကန်ထကြွသည့် လူမျိုးဖြစ်သည် (၂း ၃၄၊ ၁၈း ၅၀)။ သူတို့သည် မီးဖြင့် ဖြစ်တည်စေသော ဂျင်မျိုးနွယ်မှ ဖြစ်သည် (၁၈း ၅၀)။ တနည်းအားဖြင့် အသက်မွေးဝမ်းကြောင်းကို မိရိုးဖလာအတိုင်း ကိုယ်ကာယဖြင့် လုပ်ကိုင်ရှာဖွေ၍ မီးဖြင့် ချက်ပြုတ် စားသောက် သော လူမျိုးဖြစ်သည်။ သူတို့သည် မောက်မာသော စိတ်ရှိ၍ ဉာဏ်စဉ်တော်ဆောင်များနှင့် ပညာတတ် လူတန်း စားကို အသိအမှတ်ပြုရန် တွန့်ဆုတ်တတ်ကြသည်။ ထို့ကြောင့် သူတို့ကို ကုရ်အံကျမ်းတော်က ရန်သူ (ကာဖရ်)တို့ အနက်မှ ဖြစ်သည်ဟုလည်းကောင်း (၂း ၃၄)၊ ဂျင်တို့အနက်မှ ဖြစ်သည်ဟုလည်းကောင်း (၁၈း ၅၀) ဆိုပေသည်။
ကျမ်းတော်က အိဗလိဆ် သည် မျက်စိဖြင့် မမြင်နိုင်သော “ဓါတ်ဘူတ” ဖြစ်သည် ဆိုခြင်းကို ယတိပြတ် ပယ်ချ ထားပေသည်။ အိဗလိဆ် သည် လူသားဟုဆိုသော ဖုံးကွယ်သူ “ကာဖရ်” တို့ အနက်မှ ဖြစ်သည် ဆိုခြင်းပင်။
ထိုထက်ပို၍ ခိုင်လုံသော စကားမှာ အိဗလိဆ် သည် အိမ်ထောင်ယူ သားမွေးချင်းပြုသူဟု “သူ၏ သားစဉ် မြေး ဆက်” ဆိုသည့် စကား (၁၈း ၅၀) က ထောက်ပြနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အိဗလိဆ်၊ အိဗလိဆ်နှင့် အုပ်စုတူ ဂျင် တို့သည် လူစကားကို ပြောသော၊ အိမ်ထောင်ယူ သားမွေးကြသည့် လူသားများသာ ဖြစ်ပေသည်။ ဓါတ်ဘူတကို ကိုယ်စားပြုသည့် တစ္ဆေ၊ သရဲ ဖုတ်ကောင်၊ မင်စာများ မဟုတ်ကြချေ။
ဂျင်
ဂျင်များသည် မီးဖြင့် ဖြစ်တည်စေသော လူမျိုးဖြစ်သည်။ ရှေ့  ဒဏ္ဍာရီ ယုံကြည်မှုများအရ ဂျင်များကို တစ္ဆေ၊ သရဲ မကောင်းဆိုးဝါးများဟု သတ်မှတ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဂျူးလူမျိုးများမှ လူမျိုးစု တစ်စု အဖြစ် ဖွင့်ဆိုရှင်းလင်းချက်များစွာ ရှိလာခဲ့ပေသည်။ မီးဖြင့် ဖြစ်တည်စေသည် ဆိုခြင်းကို ပညာရှင်များက “စစ်သွေး ကြွ” များဟု ဖွင့်ဆိုကြပေသည်။ ပိဋကတော်စကားဖြင့် ဖွင့်ဆိုလျှင် မီးဖြင့် ချက်ပြုတ်စားသောက်သော လူမျိုး ဟု ဖြစ်ပေသည်။ တနည်းအားဖြင့် လူသားအကျိုးပြု ပညာနောက်ကို မလိုက်ဘဲ လောဘရမက် ငွေကြေးနောက်သို့ တစိုက်မတ်မတ် လိုက်သော လူမျိုးဖြစ်ပေသည်။ သူတို့၏ ဥစ္စာအင်အားဖြင့် သာမန်လူသားများကို လည့်စား လွှမ်းမိုး နိုင်ပေသည် (၆း ၁၂၉)။
သူတို့သည် ဓါတ်ဘူတဖြစ်သည့် တစ္ဆေ၊ သရဲ မကောင်းဆိုးဝါးများဟု သတ်မှတ်ခြင်းမှာ မှားယွင်းပေသည်။ ကျမ်းတော်၌ သူတို့အနက်မှ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)များ ပွင့်ပေါ်ကြောင်း (၆း ၁၃၁)။ သူတို့အနက် အချို့သည် ကိုယ်တော် မုဟမ္မဒ်ထံတွင် သစ္စာခံယူသော သူများဖြစ်ကြောင်း (၄၆း ၂၉-၃၁) တွင် ဖေါ်ပြထားပြီး၊ ၁၈း ၅၀ တွင် ဂျင်များအနက်မှ ဖြစ်သော အိဗလိဆ် တို့သည် အိမ်ထောင်ယူ သားမွေးချင်း အလုပ်ကို ပြုသည့် လူမျိုးနွယ် ဖြစ်ကြောင်း တိကျစွာပြောထားပေသည်။
(လူတစ်ဦးချင်းစီတွင် ထိုအမျိုးလေးပါးအနက်မှ မိမိကြိုက်နှက်သက်ရာ အမျိုး၌ဖြစ်ရန် မိမိကိုယ်မိမိ ပြဌာန်း သတ်မှတ် ဖြစ်တည်ပိုင်ခွင့်ရှိပေသည်)

ဌေးလွင်ဦး

(နဗီ) သတင်းတော်ဆောင်များ


သတင်းတော်ဆောင်များသည်လည်း ကုန်စင်သိဉာဏ် “သဗ္ဗညုတဉာဏ်” ကို ရရှိသူများဖြစ်၍ အာရ်ဗီ ဘာသာ စကားဖြင့် နဗီ ဟု ခေါ်ပေသည်၊ မြန်မာဝေါဟာရ မကြွယ်ဝသော ဆရာတော်များက အာရ်ဗီဘာသာစကား နှစ်လုံးဖြစ်သည့် ရစူလ် နှင့် နဗီ ကို ခရစ်ယံဆန်ဆန် မြန်မာဝေါဟာရ တစ်လုံးတည်းဖြင့် “တမန်တော်” ဟုသာ ဘာသာပြန်ဆို ကြပေသည်။ ထိုစကားလုံး နှစ်လုံးမှာ အသံထွက် ကွဲပြား သကဲ့သို့ အဓိပ္ပါယ်လည်း မတူညီပေ။ နဗီ ဆိုသည်မှ သတင်းကြီးဟု အနက်ရသည် နဗယ မှ ဆင့်ပွားလာခြင်းဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံတော်မှာ လူသားများအတွက် မိန့်ခြွေသော တရားဒေသနာ သတင်းမင်္ဂလာကို လူသားတို့ထံ အရောက်ပို့သော ပုဂ္ဂိုလ် မြတ်များကို ခေါ်ဆိုပေသည်။
ဉာဏ်စဉ်တော်ဆောင်များနှင့် သတင်းတော်ဆောင်များမှာ ရရှိသော “ဉာဏ်စဉ် အင်အား” တူညီကြပေသည်၊ သို့သော် ဉာဏ်စဉ်တော် ဆောင်တိုင်းသည် သတင်းတော်ဆောင်များ ဖြစ်သော်လည်း သတင်းတော်ဆောင် တိုင်းသည် ဉာဏ်စဉ်တော်ဆောင်များ မဟုတ်ကြပေ၊ ဉာဏ်စဉ်တော်ဆောင်များ၏ ၀န်တာမှာ လူသား အပေါင်း အား နာမ်ပိုင်းဆိုင်ရာ တစ်ခုတည်းကို သာမက ရုပ်ပိုင်းဆိုင်ရာ နည်းနာများ ဖြစ်သည့် အုပ်ချုပ်ရေး နည်းပညာ မှသည် သာမန် လူမှု စားဝတ်နေရေး နည်းပညာများထိ အစုံစုံကို သွန်သင် လမ်းညွှန်ရပေသည်။ သတင်းတော် ဆောင်များမှာမူ ရုပ်ပိုင်းဆိုင်ရာ နည်းပညာများထက် နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံ ဘာဝနာပြု နည်းများနှင့် ဉာဏ်စဉ်တော်ဆောင်များ သွန်သင် ပြသသည့် နည်းဥပဒေများကို ထိမ်းသိမ်း စောင့်ရှောက်နည်းများကို အသားပေး သွန်သင်ရပေသည်။ ထိုအချင်းအရာအား ကျမ်းမြတ်ကုရ်အံအား ကြေညစ်စွာ နှံ့စပ်သူများက အလွယ်တကူ နားလည်နိုင်ပေသည်။
မြန်မာ ဗုဒ္ဓဘာသာစကားဖြင့် အလွယ်တကူ နားလည်ရန် တင်ပြရသော် ပစ္စေက ဗုဒ္ဓများ ဖြစ်ပေသည်။

ဌေးလွင်ဦး

(ရစူလ်) ဉာဏ်စဉ်တော် ဆောင်များ


လောကလူသားတို့အား ဦးဆောင်လမ်းညွှန်ရန်အလို့ငှာ လူသားထဲမှ ပွင့်ပေါ်သော ပုဂ္ဂိုလ်မြတ်များအနက် အ ဆင့် အမြင့်ဆုံး ပုဂ္ဂိုလ်မြတ်များကို အစ္စလာမ်ဘာသာက (ရစူလ်) ဉာဏ်စဉ်တော်ဆောင်များဟု ခေါ်ပေသည်။ ထိုကိုယ်တော်များသည် ပရမတ်ဘုရားရှင်မှ ချီးမြှင့်သော ကုန်စင်သိဉာဏ် “သဗ္ဗညုတဉာဏ်” ကို ရရှိသူများ ဖြစ်၍ စကြာဝဠာအပေါင်း၏ သော့ချက် သဘာဝဓမ္မ သို့မဟုတ် ပရမတ်ဓမ္မ ကို လူသားတို့အနက်မှ အသိဆုံး သော ပုဂ္ဂိုလ်များ ဖြစ်ပေသည်။
ထိုကိုယ်တော်မြတ်များသည် သူတို့ ရရှိသော ဉာဏ်စဉ်တော်အား ဆင့်ပြန်ခြင်းဖြင့် လူသားတို့အား ဒုက္ခ၀ဋ်ကြွေး အပေါင်းမှ ကျွတ်လွတ်မှု တရားဓမ္မများကို သွန်သင်ပေးပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များအား ထေရ၀ါဒ ဗုဒ္ဓ ဘာသာတွင် ဥပဇာဘုရား သို့မဟုတ် ပညတ်ဘုရား ဟု ခေါ်ဆိုသည်ကို တွေ့ရပေသည်- ဥပမာအားဖြင့် “မနိ မဉ္ဖူ ဋ္ဋီကာကျမ်း၌—သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်ကို ပတိလာဘ ရခြင်းကြောင့် တဿ ထိုခန္ဓာ ငါးပါးအစဉ်ကို ဗုဒ္ဓေါတိ ဘုရားဟူ၍ ပညတ္တတ္တာ ပညတ်သည်၏ အကြောင်းကြောင့်တည်း” ဟု ဆိုထားပေသည်။ အစ္စလာမ်ဘာသာတွင် ကိုးကွယ်ဆည်းကပ်မှု ရောပြွန်းမှု မရှိစေရန် အဓိကတားဖြစ်ထား သဖြင့် ”ဘုရား” ဆို သော အသုံးအနှုံးများကို လူသားတို့နှင့် ပတ်သက်၍ ရှောင်ကြဉ်သောကြောင့် ပညတ်ဘုရား၊ ဥပဇာဘုရား များဟု မခေါ်ဆိုသော်လည်း အနှက်သာရမှာ အတူတူပင် ဖြစ်ပေသည်။
အာရ်ဗီဘာသာစကားအားဖြင့် ရစူလ် ဟူသည့် ဝေါဟာရကို မြန်မာပြန် ဆရာတော်ကြီးများက တမန်တော် ဟု စကားလုံး ဖလှယ် ကြပေသည်။ ထိုသို့စကားလုံး ဖလှယ်ခြင်းမှာ မှားယွင်းမှု မရှိသော်လည်း မြန်မာ ဘာသာရေး ဝေါဟာရ အားဖြင့် အလွန့်အလွန် ကွဟနေသည့် အပြင် မြန်မာစာဖတ်သူများအတွက် စကားလုံး၏ လေးနက်မှု တန်ဘိုးမှာလည်း အားပျော့လှပေသည်။
ထိုသို့ တမန်တော်ဟု ဘာသာပြန်ခြင်းမှာ ခရစ်ယံသမ္မာကျမ်းစာပါ စကားလုံးများကို မှီငြမ်းလျှက် သမ္မာကျမ်း တွင် ကိုယ်တော် ယေရှုလောက် အဆင့်မမြင့်ဟု ခံစားသော ဘုရားရှင်၏ ကိုယ်စားလှယ်များအား “ပရောဖက်” ဟု သုံးနှံးသည်ကို ပြန်ဆိုခြင်း ဖြစ်ပေသည်။ သို့ သော် အစ္စလာမ်သာသနာပညာရှင် ဘာသာပြန် ဆရာတော် များက နောက်ပိုင်းတွင် ထိုပရောဖက် ဟု အသုံးကို ရှောင်ကြဉ်လာကြလျှက် “မက်ဆင်ဂျား” ဟု ပြန်ဆိုကြပေ သည်။
ရစူလ် ၏ အဓိပ္ပါယ်မှာ ပရမတ်ဘုရားရှင်၏ ထံမှ ဉာဏ်စဉ်တော်ကို ဆောင်ယူလာသူ ဖြစ်ပေသည်။ ထို့အပြင် အစ္စလာမ်ဘာသာဝင်များ က ရစူလ်တစ်ပါးနှင့် တစ်ပါးအကြား အနိမ့်အမြင့် ခွဲခြားမှု မရှိချေ။ ရစူလ် နှင့် ပရော ဖက် ပို၍ ခြားနားသည်မှာ ရစူလ်သည် ပရမတ် ဘုရားရှင်ထံမှ ဉာဏ်စဉ်တော်ကို ပရောဖက်ကဲ့သို့ ဗြာဒိတ် (အသံ) အားဖြင့် လက်ခံရယူခြင်း မဟုတ်ပေ။ ရစူလ်၏ နှလုံးသား၌ ဉာဏ်စဉ်တော် ကိန်းဝပ် ခြင်းနည်းဖြင့်သာ ဉာဏ်စဉ်ရရှိခြင်း ဖြစ်ပေသည် (၂း ၉၇)။ ထို့အပြင် ပရောဖက်ကဲ့သို့ အနာဂါတ်ကို ဟောပြောသူ မဟုတ်ချေ။ ဉာဏ်စဉ်တော်အား ဆင့်ပြန်သူသာ ဖြစ်ပေသည်။ ထို့ကြောင့် “ရစူလ်” ကိုကျွန်ုပ်အနေဖြင့် ဉာဏ်စဉ်တော် ဆောင် ဟူ၍ ပြန်ဆိုခြင်း ဖြစ်ပေသည်။ အစ္စလာမ်ဘာသာ၏ သွန်သင်မှုအရ ဉာဏ်စဉ်တော်ဆောင် (ရစူလ်) ဆိုသည်မှာ လူ့မျိုးတိုင်းအတွက် ပွင့်ပေါ်ခဲ့ပေသည်။ ထို့ကြောင့် မောရှေ၊ ဂေါတမ၊ ယေရှု၊ မိုဟမ္မဒ် ကိုယ်တော် မြတ်များကို ဉာဏ်စဉ်တော်ဆောင်များ အဖြစ် အသိအမှတ် ပြုရပေသည်။ ထိုကိုယ်တော်များအကြား တစ်ပါး နှင့် တစ်ပါးကို ခွဲခြားမှု မပြုရပေ။
ဉာဏ်စဉ်တော်ဆောင်များ ဆင့်ပြန်သော ဉာဏ်စဉ်ဆင့်ပြန်မှုများတွင် လူသားအပေါင်း လိုက်နာကျင့်ဆောင်ရန် နည်းနာ ဥပဒေ ၀ိနည်း ပညတ်များ ပါရှိပေသည်။ ကုရ်အံကျမ်းတော်၏ သွန်သင်မှုအရ ဉာဏ်စဉ်တော်ဆောင် များသည် တစ်ပြိုင်နက်ထဲတွင် သတင်းတော် ဆောင်များ ဘွဲ့ကိုပါ ရရှိကြပေသည်။
ဌေးလွင်ဦး

ပရမတ်ဘုရားရှင်၏ ကိုယ်စားလှယ်များ


အစ္စလာမ်ဘာသာ၏ အယူအရ ဤစကြာဝဠာ အပေါင်းသည် သိခြင်းခံနေရသောအသိုင်းအ၀ိုင်းကြီး တစ်ခု ဖြစ် ပေသည်။ ၎င်းကို အာရ်ဗီ ဘာသာစကားဖြင့် “အာလ်မီးန်” ဟုခေါ်ပေသည်။ ဆိုလိုသည်မှာ စကြာဝဠာ အပေါင်း သည် မူလဇစ်မြစ် ပရမတ်ဘုရားရှင် (အလ္လာဟ်)က ပြဌာန်းထားသော သဘာဝဓမ္မ ကွန်ယက်ကြီးထဲတွင် ပြ ဌာန်းမှုအတိုင်း ကျင်လည် ရှင်သန်နေရသည်ဟု ဖြစ်ပေသည်။ ထို့ အပြင် ထိုစကြာဝဠာအပေါင်းအား စီမံ ထိန်း ကွပ် စေရန် လူသားအား ကိုယ်စားလှယ် ခန့်အပ်ထားသည်ဟု ကုရ်အံကျမ်းတော်၏(၆း ၁၆၆) တွင် ဆိုပေ သည်။
ထိုသို့ စကြ၀ဠာ အစုစုအား စီမံထိန်းကွပ်ရသူ ဖြစ်သော လူသားသည် ရှိရှိသမျှ သက်ရှိသက်မဲ့တို့အား စီမံ ထိန်း ကျောင်းနိုင်ရန်အတွက် ရှိနှင့်ပြီးသား သဘ၀ဓမ္မကို သိနိုင်ခွင့် ရှိရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။ သို့မှသာ ကောင်းမှုဆောင်တာများကို ကျင့်ဆောင်နိုင်ရန် လူ့ကျင့်ဝတ် ဥပဒေများ၊ လူသားတို့ အသုံးပြုနိုင်ရန် သို့မဟုတ် လူ့ဘောင်အတွက် အသုံးဝင်ရန် ဖေါ်ထုတ် ဆင့်ပြန်သော ဥပဒေသများ ကို ထပ်ဆင့် ချမှတ်နိုင်မည် ဖြစ်ပေ သည်။
အစ္စလာမ်ဘာသာ၏ အယူအဆ အရ လောက လူသားတို့အား သွန်သင်တင်ပြနိုင်ရန် အလို့ငှာ လူသားထဲမှပင် ပါရမီရင့်သန်မှု အလျှောက် (ကိန်းဝပ်ပေးသော ဉာဏ်စဉ်ကို ခံနိုင်ရည်စွမ်း အလျှောက်) ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင်၊ နိမိတ်တော်ဆောင်၊ ရဟန္တာ၊ သီလ၀န္တုများ စသည်ဖြင့် အဆင့်ဆင့် ပွင့်ပေါ်ကြသည်ဟု ဖြစ်ပေသည်။

ဌေးလွင်ဦး

ဖြစ်တည်မှု (ဓမ္မဇစ်မြစ်)


ဖြစ်တည်မှု ဆိုသည်မှာ ပရမံနုမြူမှအစ စကြ၀ဠာ တစ်ဝှန်းလုံး၏ ဖြစ်ပေါ်တည်ရှိလာမှု အားလုံး အကျုံးဝင် ပေ သည်၊ စကြာဝဠာ အ၀ှမ်း ရှိ သက်ရှိသက်မဲ့ တစ်ခုချင်း တစ်မျိုးချင်းစီ၏ ဖြစ်တည် လာခြင်းသည် ထို တစ်ခုချင်းစီ အတွက် ပြဌာန်းသတ်မှတ်ပြီးသော မူလ ပညတ် ဓမ္မ ရှိပြီး ဖြစ်သည် ဟု အစ္စလာမ်ဘာသာဝင်တို့က ယုံကြည် လက်ခံကြသည်။ ဥပမာ အားဖြင့် လူဖြစ်တည်လာရန်အတွက် လူ၏ပုံစံ၊ အခြား သက်ရှိ သက်မဲ့တို့ ဖြစ်တည် လာရန်အတွက် သက်ရှိသက်မဲ့ တစ်မျိုးချင်းစီ၏ ပုံစံ၊ တစ်မျိုးထက် ပိုမို ပေါင်းကူးလျှင် ဖြစ်ပေါ် လာမည့် ပေါင်း ကူး (ကပြား) ပုံစံ၊ စသည်ဖြင့် အရာရာတိုင်း အတွက် ဖြစ်တည်မှု ရုပ်ပုံစံ၊ ဓါတ်ပုံစံ တို့မှာ လူသားတို့ တွေ့ရှိပြီး သား အရာတိုင်း၌ ဖြစ်စေ၊ မတွေ့ရှိရသေးသော အရာတို့၌ဖြစ်စေ မည်သည့် ပုံစံဖြစ်တည် လာရမည်ဟူသည့် ကြိုတင် ပြဌာန်းချက်မှာ ရှိပြီး ဖြစ်သည်ဟု လက်ခံခြင်း ဖြစ်ပေသည်။
ထိုသို့ ရှိပြီးသားအတိုင်း မူလပင်မ ဓမ္မကို သဘာဝဓမ္မ အဖြစ်လက်ခံပြီး၊ စကြာဝဠာအနန္တသည် သဘာဝဓမ္မ၏ ကွန်ယက်ထဲ၌ ကျင်လည် နေရသည် သို့မဟုတ် စကြာဝဠာ အပေါင်းသည် သဘ၀ဓမ္မ၏ ကွန်ယက်တွင်းမှ ကင်း လွတ်နိုင်မှု မရှိပေ၊ ထိုလွှမ်းမိုးထားသော ပင်မ ဓမ္မကွန်ယက်၏ ပင်မဖူးခြာ (အချုပ်အခြာ)သည် သဗ္ဗညုတဉာဏ် စဉ်၏ ဇစ်မြစ်တော် ပရမတ်ဘုရားရှင် (အလ္လာဟ်) ဖြစ်၏ (၆း ၁၀၁) ဟု အစ္စလာမ် ဘာသာဝင်တို့က လက်ခံယုံကြည် ပေ သည်။
ထိုသို့သော ယုံကြည်ချက်မျိုးကို ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ အဓိပတိ ဆရာတော်ကြီး ဖြစ်သည့် ရှင်ဗုဒ္ဓဃောသ ပြုပြင် စီရင်သော အဌသာလိနီ ၀ိသတိဝန္ဒနာ တွင် ဂရုဏာဝိယ သတ္တေသု၊ ပညာရဿ မဟေသိနော၊ ညေယ ဓမ္မေသု၊ ယတ္ထာယုဇိ၊ ပ၀တ္ထိတ္တံ၊ မဟေ သိနော။ ဘုရားသခင်သည် ဂရုဏာတော်အာဖြင့် သတ္တ၀ါအပေါင်းတို့နှင့် ညေယဓံတရား ငါးပါးတို့ကို ယတ္တာဇုတိ အလိုတော်ရှိသည့် အတိုင်း ပ၀တ္ထိတ္တံ ဖြစ်တော်မူလေကုန်ပြီ၊ ဟု သွန် သင် ထားပြီး- ဤသို့ တစ်ထပ်တည်းတူညီသော ရှင်းလင်းချက်ကို သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသား ပြုစုသော သဗ္ဗညုတ စိန္တာမဏိကျမ်း၏ စာမျာက်နှာ (၄- ၅) တွင် တွေ့ရပေသည်။ သေက္ချတောင် ဆရာတော် အရှင်တိလောက ရေးသားပြုစုသော ပဏ္ဍိတဝေဒနီယ ဒီပနီကျမ်း၏ စာမျက်နှာ ၁၈၈ မှ ၁၉၁ တွင်လည်း စကြာဝဠာအပေါင်း ၏ ဖြစ်တည်လာခြင်း မူလ လက်သည် အကြောင်းကို အကျယ် ရှင်းပြထားပေသည်။
ထို့ကြောင့် စာပေဗဟုတ နှံ့စပ်သော မြန်မာ စာပေသမားများ အတွက် ဖြစ်တည်မှု နှင့် ဖြစ်တည်မှုဓမ္မ၏ ဇစ်မြစ် နှင့်စပ်လျှဉ်း၍ အစ္စလာမ် ဘာသာဝင်တို့၏ ခံစားယုံကြည်ချက်ကို နားလည်ရန်မှာ အလှမ်းဝေးနိုင်မည် မဟုတ် ချေ။
စကြာဝဠာအပေါင်း၏ မူလဇစ်မြစ် ဖြစ်သော ပရမတ်ဘုရားရှင် (အလ္လာဟ်) သည် စကြာဝဠာများ၏ သော့ချက် သဘာဝဓမ္မကို သိနေသော အရှင် ဖြစ်ပေသည်။ သို့သော် စကြာဝဠာ အတွင်း ရှင်သန် ကျက်စားနေရသော သဗ္ဗေ သတ္တာ သတ္တ၀ါအပေါင်းကို ပရမတ် ဘုရားရှင် (အလ္လာဟ်)က တစ်ချက်လွှတ်အမိန့် သံမဏိစည်းကမ်းဖြင့် အတင်းအကျပ် လိုက်နာစေခြင်းဖြင့် ကြိုးကိုင်ထားခြင်း မရှိသလို၊ ဖြစ်ချင်တိုင်း ဖြစ်နေစေရန် လျှက်လျူရှု ပစ် ပါယ် ထားခြင်းလည်း မဟုတ်ဟု ကျမ်းမြတ်ကုရ်အံ၏ ဖေါ်ပြမှုအတိုင်း အစ္စလာမ် ဘာသာဝင်များက ယုံကြည် လက်ခံပေသည်။ စကြာဝဠာ အတွင်း၌ ရှိသော သတ္တ၀ါအပေါင်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် သဘ၀ဓမ္မ အတိုင်း အထာကျ၊ နေသားကျအောင် လိုက်လျှောညီထွေ ကျင့်ဆောင် နေထိုင်နေရသည် ဆိုခြင်းမှာ စောဒက ၀င်၍ မရချေ၊ ထိုရုပ်ပိုင်း ဆိုင်ရာ အထာတကျ နေထိုင်နိုင်ရန်နှင့် တိုးတက်ဖွံ့ဖြိုးသော ရုပ်ပိုင်း ဆိုင်ရာ လူနေမှု စနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် ထိုးထွက် တည်ဆောက်နိုင်ရန် ဉာဏ်စဉ် ၏ ဦးဆောင်မှုမှာ မရှိမဖြစ် လိုအပ်သည် ဟု ကျမ်းတော်က တင်ပြပေသည်၊
လူသားအပေါင်းသည် ပရမတ်ဘုရားရှင်၏ အရိုက်အရာကို ဆက်ခံသူ သို့မဟုတ် သက်ရှိ သက်မဲ့အပေါင်းနှင့် စကြ၀ဠာ ကို စီမံကွပ်ကဲ ရန် လွှဲအပ်ခံရသော ကိုယ်စားလှယ်များ ဖြစ်သည်ဟု ဆိုပေသည်၊ (၆း ၁၆၆)
စကြ ၀ဠာအပေါင်းအား စီမံကွပ်ကဲရန်အတွက် လူသားတို့အား ကိုယ်စားလှယ်လွှဲအပ်ခြင်း၏ ဆိုလိုချက်မှာ ပရမတ်ဘုရားရှင်သည် စကြာဝဠာ အပေါင်းအား ကြိုးနီ စနစ်ဖြင့် ချုပ်ကိုင်ထားခြင်း မရှိကြောင်းကို ထင်ရှားစေပေသည်။ လူသားသည် စကြာဝဠာအတွင်း သက်ရှိ သက်မဲ့များကို စီမံနိုင်သည်၊ ခန့်ခွဲနိုင်သည်၊ နေရာချနိုင်သည်၊ အုပ်ချုပ်နိုင်သည်၊ ထိမ်းကျောင်းနိုင်သည်၊ တိုးတက်ဖွံ့ဖြိုးမှု ဆုတ်ယုတ် ပျက်သုဉ်းမှု အလုံးစုံကို စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပေသည်။
သို့သော် ထိုသို့ စီမံနိုင်ခွင့်ရှိသော လူသားတို့အား အကောင်း အဆိုး ခွဲခြားနိုင်ရန်၊ တိုးတက်မှုနှင့် ဆုတ်ယုတ် မှုကို နားလည်နိုင်ရန် အမှန်နှင့် အမှားကို ဆုံးဖြတ်နိုင်ရန် အတွက် သဘာဝ ဓမ္မ၏ သော့ချက်များကို ပါရမီဉာဏ် ရင့်သန်မှုအလျှေက် လူသားထဲမှ ရွေးကောက်လျှက် ဉာဏ်စဉ်ကိန်းဝပ် အသိပေး လမ်းညွှန်ပေးပေသည်။ ထိုသို့ ဉာဏ်စဉ် ကိန်းဝပ်ပေးရာတွင် ပါရမီဓါတ်ခံအလျှောက် ကိန်းဝပ်ပေးခြင်းကြောင့် ရရှိသော ဉာဏ်စဉ် အဆင့်များ လည်း တစ်ပြေးညီ မဟုတ်ပေ။
ဌေးလွင်ဦး

အလ္လာဟ် (ပရမတ်ဘုရားရှင်)

“ဘုရား”ဟူသော ဝေါဟာရသည် အကြီးအကဲ သို့မဟုတ် ကြီးကဲမြင့်မြတ်သော ပုဂ္ဂိုလ် ဟု အနက်ရသည့် အိန္ဒိယ ဘာသာစကား “ဘရား” ဆိုသည်မှ ဆင်းသက် လာသည်ဟု ဆိုကြပေသည်၊ မည်သို့ပင် ဆိုစေကာမူ ဘာသာ တရား တစ်ခုအား လက်ခံယုံကြည်သော သူတိုင်းက မိမိ သက်ဝင် ယုံကြည်သော ကိုးကွယ်ရာ အရှင်ကို “ဘုရား” ဟု ခေါ်ကြသည်မှာ ငြင်းနိုင်ဘွယ်မရှိပေ၊
ဘာသာစကားမတူညီမှုကြောင့် “ဘုရား” ဟု အဓိပ္ပါယ်သက်ရောက်သည့် ဘာသာစကား အသံထွက်မှာလည်း မတူညီကြပေ၊ ထို့အပြင် ဘုရားဟူသည်မှာ မည်သို့ဖြစ်သည်ဟူသည့် ခံစားယုံကြည်ချက်ခြင်းလည်း မတူညီ ကြပေ၊ သို့သော် အသံထွက်ခြင်း မတူညီမှု။ ခံစား ယုံကြည်ချက်ခြင်း မတူညီမှုကြောင့် “သူ့ဘုရား” “ငါ့ ဘုရား” မတူဘူး ဟူသော ဖွင့်ဆိုချက်များမှာ လွန်စွာ ခေတ်နောက်ကျပြီး လူသားချင်း ခွဲခြား ဆက်ဆံမှုကို အားပေး အားမြှောက် ဖြစ်စေသော လူတန်းစားခွဲခြားမှု၏ ရေသောက်မြစ်ဖြစ်ပေသည်၊
အမှန်တကယ်တွင် “ဘုရား” ဟုဆိုသော မြန်မာစကားသည် “ကိုးကွယ်ခြင်းခံထိုက်သောအရှင်” ဟု ဖြစ်ကြောင်း မြန်မာစကား ပြောသောသူများ အတွက် ထိုစကားလုံးတွင် အငြင်းပွားဘွယ် မရှိပေ၊ “ဘုရားရှင် ဆိုသည်၌ ခံစား ယုံကြည်ချက်ခြင်းသာ” အမြင်ခြင်း ဖလှယ်နိုင်ရန် လိုအပ်ပေသည်၊
အစ္စလာမ်ဘာသာဝင်များက “ဘုရားရှင်” ကို ကျမ်းမြတ်ကုရ်အံလာ အာရ်ဗီဝေါဟာရ“အလ္လာဟ်” ဟု ခေါ်တွင်ကြ ပြီး။ အစ္စလာမ် ဘာသာဝင်များ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်သည်နှင့် အခြား ဘာသာ ၀င်များ ခံစား ယုံကြည်သော “ဘုရားရှင်” ဆိုသော သဘောတရား ခြားနားမှုကြောင့် “အလ္လာဟ်” ကို စကားလုံး မဖလှယ် တော့ဘဲ တိုက်ရိုက်မွေးစားဝေါဟာရ အဖြစ် သုံးစွဲ ရေးသားကြပေသည်၊ ကျွန်ုပ်အနေဖြင့်လည်း မူရင်း အနှစ် သာရ ပျောက်ပျက် သွားမည်ကို မလိုလားပါ။ သို့သော် စကားလုံး မဖလှယ်ဘဲ ထားပြန်ကလည်း အစ္စလာမ်တို့ ယုံကြည်လက်ခံသော အလ္လာဟ် ဆိုသည်ကို ခရစ်ယံဘာသာက ပြန်ဆိုထားသော ထာဝရ ဘုရားနှင့် အတူတူပင် ဖြစ်သည်ဟု လည်းကောင်း။ ကောင်းကင်ဘုံရှိ ရာဇပလ္လင်ပေါ်တွင် စိုးစံနေလျှက် လူ့ပြည်လူ့ရွာအား မိန့်ခြွေ လမ်း ညွှန်နေသည့် မြန်မာတို့ နားလည်ထားသည့် နတ်ဘုရားကြီး ပုံစံမျိုးဟု လည်းကောင်း။ အရာရာကို “ဥုံ-ဖွ” ဖြစ်စေဟု ပဉ္စလက် ဆရာကြီးကဲ့သို့ ဖန်ဆင်းလေ့ရှိသော ဣဿရဖန်ဆင်းရှင် အဖြစ်လည်းကောင်း နားလည် ထားကြ သူများမှာ ထိုသို့လွဲမှားသော အထင်အမြင်ထဲမှ ကျွတ်လွတ်နိုင်ရန် အခွင့်အရေး နည်းပါး လှပေသည်၊
အစ္စလာမ်ဘာသာက လက်ခံယုံကြည်သော “ဘုရားရှင်” ဆိုသည်မှာ ပညတ္တိကာယ “ပညတ်ဖြစ်တည်မှု ခန္ဓာ ကိုယ်” မဟုတ်ပေ၊ ပရမတ္တကာယ “ပရမတ်အဖြစ်” ရှိနေပြီး မံသစက္ကုဖြင့် သိမြင်ခံစားနိုင်မှု (တိုင်းတာသတ် မှတ်မှု အမြင်)မှ ကင်းလွတ်ပေသည်၊ ထိုသို့ ပရမတ်အဖြစ် တည်ရှိ၍ သဗ္ဗညုတ ဉာဏ်စဉ်တော်၏ မူလအစ ဇစ် မြစ်တော် ဖြစ်ပေသည်၊ ထိုဉာဏ်စဉ်တော်သည် ပါရမီဖြည့်ဆီး ရင့်သန်သော (ဉာဏ်စဉ်တော် ကိန်းဝပ်မှု ခံနိုင် ရည် စွမ်းရှိသော) ပုဂ္ဂိုလ်မြတ်များအား ခံနိုင်ရည်စွမ်းအလျှောက် ဉာဏ်စဉ်အဆင့်များကို ကိန်းဝပ် ပေးပေသည်၊ ထိုဉာဏ်စဉ်အဆင့်ပေါ်မူတည်၍ ဉဏ်စဉ်တော်ရပုဂ္ဂိုလ်တို့အား ဉာဏ်စဉ်တော်ဆောင် (ရစူလ်)။ သတင်းတော် ဆောင် (နဗီ)။ နိမိတ်တော်ဆောင်များ။ ရဟန္တာများ သောတာပန်များ စသည်ဖြင့် အဆင့်အဆင့် ခေါ်ဆိုပေ သည်၊
အစ္စလာမ်ဘာသာဝင်တို့ ခံစားယုံကြည်သော “ဘုရားရှင်” ဆိုသည်ကို ကျွန်ုပ်တို့၏ နောင်တော်ဗုဒ္ဓ ဘာသာဝင် များ နားလည်ခံစားနိုင်ရန် ပမာပေးရှင်းပြရလျှင်-မဟာယန ဗုဒ္ဓ ဘာသာဝင်များ လက်ခံသော ဓမ္မကာယ “မူလ ဇစ်မြစ် တရားကိုယ်” ဆိုသည်နှင့် နီးစပ်မှုရှိသော်လည်း မဟာယနတို့၏ အယူအရ ဓမ္မွကာယသည် လောက လူသားတို့အား ကယ်တင်ရန် အလို့ငှာ သံဘောဂကာယ (ဗောဓိသတ္တ) “လူသားဘုရား” အဖြစ် ခံယူကာ လော ကသို့ ကြွလာသည်ဟု ဆိုထားသဖြင့်။ လူသားဘုရားအဖြစ် လောက၌ ၀င်စားခြင်း မရှိသော ပရမတ်ဘုရားရှင် “အလ္လာဟ်” အား ဓမ္မကာယဟု ဘာသာ ပြန်ဆိုလျှင် အဓိပ္ပါယ် နီးကပ်မှု အားနည်းနိုင်မည် ဖြစ်သည်၊
ထေရ၀ါဒဆရာတော် နိုင်ငံကျော် ဓမ္မစေတီ ဆရာတော်ဘုရားကြီး ရေးသားတော်မူသော သမစိတ္တဘာသာကျမ်း သံဃာစစ်တမ်း အလင်းကျမ်း သံဃာဟုတ်မဟုတ် မေးခွန်းထုတ်ကျမ်း (ဂန္ဓမာပုံနှိပ် တိုက်မှထုတ်ဝေသည်)တွင် “လူကဖြစ်သော ဥပဇာဗုရား။ ပုဂ္ဂလဓိဌာန်ဗုရားတို့ကို ပါယ်၍ ဗုဒ္ဓါန ဗုရားအစစ် ဓမ္မွဓိဌာန် သဗ္ဗညုတဉာဏ် နိယ တ အမြဲဗုရားကို ပြဦးအံ့၊ လောကေ။ လောက၌။ ဧကောရေ၀။ တဆူသာလျှင်။ ဥပ္ပဇန္တိ ဖြစ်ကုန်၏။ ကိံကရဏံ အဘယ် ကဲ့သို့နည်း ဟူမူကား။ မဟန္တံ ကြီးမြတ်သော သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်ကို အစိုးရသော ဓမ္မ ဓိဌာန် နိယတ အမြဲဗုရားသည်။ ဂုဏာနံ ဂုဏ်ပေါင်းတကာတို့၏ တည်ရာဖြစ်သော။ ဧကန္တ ထိုသဗ္ဗညုတအရှင် နိယတသခင် တဆူတည်း အမြဲဗုရားသည်သာလျှင် ဟောတိ ဖြစ်၏။ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူမှတ်အပ်၏၊” ဟူ ၍လည်းကောင်း။
သုံးဆယ်မြို့ ဘုရားဒကာ ဦးလူငယ် ရေးသားသော သဗ္ဗညုတစိန္တာမဏိကျမ်း စာမျက်နှာ (၂) တွင် “သဗ္ဗညုတ ဘုရားသခင်သည် အမိမရှိ အဘမရှိ ကိုယ်ထက်မြတ်သော သူမရှိ။ ပါရမီဆယ်ပါးကိုမဖြည့် ဒါန သီလ ဘာဝနာ တို့ကို မပြုလုပ်ဘဲ။ အလိုလို ဖြစ်တော်မူကြောင်း။ သက်သေကား- သယံ။ အလိုလို။ ဘူတံ။ ထင်ရှား။ ဇာရတိ ဖြစ်တော်မူ၏။ သယံအဘိညာယ ကာရေဿရန္တိ ဆရာမိဘကင်း၍ ဖြစ်သော ပါဠိသက်သေ။ သဗ္ဗညုတဘုရား တဆူတည်း ဖြစ်ကြောင်း သက်သေခံပါဠိကား သာရတ္ထသင်္ဂဟကျမ်း၌ ဗုဒ္ဓါနုပန။ ဧကောရေ၀ ဥပ္ပဇ္ဇန္တိ။ ကိံ ကရ ဏံ။ မဟံန္တံတာရ။ သဗ္ဗညုတဉာဏ ဂုဏာနံ။ မဟန္တံ ဟောတိ။ ဧကံတံရေ၀။ ဂဏှိတဗ္ဗံ၊ ဗုဒ္ဓါနုပန ဘုရား မည် သည်ကား။ လောကေ လောက၌။ ဧကောရေ၀ တဆူတည်းသာလျှင်။ ဥပ္ပဇ္ဇန္တိ ဖြစ်ကုန်၏။ ကိံကရဏံ အဘယ် ကဲ့သို့နည်းဟူမူကား။ မဟန္တ ကြီးမြတ်သော သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်သည် ဂုဏာနံ ဂုဏ်တို့၏ တည်ရာဖြစ်သော။ ဧကံတံ ထိုသဗ္ဗညုတဉာဏ် တဆူတည်းသာလျှင်။ ဟောတိ ဖြစ်၏။ ဣတိ ဤသို့ ဂဏှိတဗ္ဗံ ယူအပ်၏၊” ဟူ၍လည်းကောင်း ဖေါ်ပြထားကြပေရာ၊
ထိုထေရ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်များ ရှင်းထားသည့် သဗ္ဗညုတဘုရားရှင် ဆိုသည်မှာ ပရမတ်ဘုရားဖြစ်၍ လူသားပညတ်ဘုရား။ ဥပဇာ ဘုရားများနှင့် မသက်ဆိုင်ပေ၊ ထိုပရမတ်ဘုရားရှင်က လူသား အဖြစ် ၀င်စား၍ လောကသို့ ကြွလာတော် မူသည်ဟုလည်း မဟာယန ဗုဒ္ဓဘာသာ ကဲ့သို့ ခံယူထားသည်ကို မတွေ့ရပေ၊ လော က လူသားမှ ပွင့်ပေါ်သော ဘုရားများမှာ ထိုပရမတ် ဘုရားရှင်မှ ချီးမြှင့်သော ဉာဏ်စဉ်တော် ကိန်းဝပ်ခြင်းကို ခံရသည့် လူသားစင်စစ်များ (ဘုရားကပြားများမဟုတ်) ဖြစ်ကြောင်းကို သဗ္ဗညုတ စိန္တာမဏိကျမ်း စာမျက်နှာ (၁၅)တွင် “ရှင်ဂေါဓမဘုရား သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသကဲ့သို့ အခြား စကြာဝဠာများမှာလည်း ရှင် ဂေါဓမ အရှင်မြတ်ကဲ့သို့ သဗ္ဗညုတ ကိန်းအောင်း၍ ပွင့်တော်မူသော ဘုရားပေါင်းကား အနန္တပင်ရှိချေမည်၊” ဟု လည်းကောင်း။ စာမျက်နှာ (၁၇) တွင် “မနိမဉ္ဖူဋ္ဋီကာကျမ်း၌—သဗ္ဗညုတဉာဏံ။ သဗ္ဗညုတဉာဏ်တော်ကို ပတိ လာဘ ရခြင်းကြောင့် တဿ ထိုခန္ဓာငါးပါးအစဉ်ကို ဗုဒ္ဓေါတိ ဘုရားဟူ၍ ပညတ္တတ္တာ ပညတ်သည်၏ အကြောင်း ကြောင့်တည်း” ဟုဆိုထားပေသည်၊
အစ္စလာမ်ဘာသာတွင်မူ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိသော ပုဂ္ဂိုလ်မြတ်တို့အား ပညတ်ဘုရား ဟူ၍ မခေါ်ဆို ပေ။ ဉာဏ်စဉ်တော်ဆောင် (ရစူလ်)။ သတင်းတော်ဆောင်(နဗီ) များဟုခေါ်ပေသည်၊ လူသား ဉာဏ်စဉ်တော် ဆောင်များကို ပညတ်ဘုရားဟု မခေါ်ဆိုသော်လည်း အစ္စလာမ် ဘာသာက လက်ခံသော အလ္လာဟ် ဆိုသည် မှာ ထိုဆရာတော်ကြီးများ ရှင်းပြသော ပရမတ်ဘုရားရှင်နှင့် အနှစ်သာရခြင်း တသဘောတည်းဖြစ် ပေသည်၊


ဌေးလွင်ဦး